ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)
၁။
ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ချောင်းတောင်ကျေးရွာရှိ မင်းလယ်တောအမည်ဖြင့် လယ်ဧက (၄၂၀)ရေကြီးနစ်မြုပ်မှုကြောင့် ထပ်မံမဆုံးရှုံးစေရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မင်းလယ်တောလယ်သမားတာမှာ စုစုပေါင်းပေရှည်(၉၀၀၀) ရှိပြီး၊ ပေ (၃၀၀၀)ခန့်မှာကျိုးပေါက်ပျက်စီးနေပါသည် ။ ကျန်ပေ(၆၀၀၀)ခန့်မှာလည်း အမြင့်(၄)ပေ၊ ထပ်ဝအကျယ် (၁ပေ၆လက်မ)ခန့်သာ ရှိသည့်အတွက် အဆိုပါလယ်သမားတာအရှည်ပေ (၉၀၀၀)လုံးအား ပုံစံကျပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါသည်။ ၎င်းအပြင် ကွင်းရေများ ထုတ်နုတ်နိုင်ရန်အတွက် ရေထုတ်ပေါက် (၂)လုံးကိုလည်း ထည့်သွင်းတည်ဆောက် သင့်ပါသည်။ မင်းလယ်တောလယ်သမားတာ ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေထုတ်ပေါက် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသေးစိတ်ကွင်းဆင်းတိုင်းတာခြင်း၊ ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းများ၊ လုပ်ငန်းများဆောင်ရွက်ပြီး လာမည့် ဘဏ္ဍာရေးနှစ်များ၌ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေစာရင်းတွင် တင်ပြတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သထုံမြို့နယ်၊ ဖားပိန်တောင်၊ လုပ်ကွက်(၁) ခန့်မှန်းမြေဧရိယာ(၂၅၆.၄၈) ဧကနှင့် ဝင်းဖုန်းတောင်လုပ်ကွက် (၂) ခန့်မှန်းမြေဧရိယာ(၂၄၀)ဧကနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက သထုံမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းပုံစံ(၁၀၅) (၁၀၆)ကို (၂၆.၉.၂၀၁၈) ရက်နေ့တွင် ထုံးကျောက်စမ်းသပ်တိုင်းတာရန်အတွက် ရေးကူးပေးခဲ့ခြင်း ဖြစ်ပါသည် ။ မြေစာရင်းပုံစံ (၁၀၅) ရေးကူးထုတ်ပေးခြင်းသည် (ခွင့်ပြုမိန့်လျှောက်ထားရယူလိုသည့် အကြောင်းအရာ အတွက်) ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည့် သက်ဆိုင်ရာဌာနများ စိစစ်ဆောင်ရွက်နိုင်ရန် တည်ဆဲနှစ်အတွက် အသုံးပြုလျက်ရှိသည့် စာရင်း၊မြေပုံမှကောက်နုတ်ရေးကူးပေးခြင်းသာ ဖြစ်ပြီး၊ ခွင့်ပြုမိန့်ပေးခြင်း၊ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပြုပေးခြင်း မဟုတ်ပါကြောင်းနှင့် မြေတည် နေရာဒေသသည် နယ်မြေဒေသလုံခြုံမှုအားနည်းသဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ဒေသခံလူထု၏ သဘောထားမှတ်ချက်ရယူတင်ပြနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် EITI လုပ်ထုံးလုပ်နည်း အတိုင်းပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ထားခြင်း ရှိ/ မရှိ မေးမြန်းရာ အကောင်အထည် ဖော်ဆောင်ရွက်ထားခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော သထုံမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းပေါ်မှ ကျေးရွာများအား ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဝဏ္ဏကျော်က သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းပေါ်မှ ကျေးရွာများဖြစ်သည့် ရှမ်းစု၊ အင်းဝိုင်း၊ အင်းကွဲ၊ ဒလပန်း၊ အနန်းပင်၊ ညောင်ချောင်း၊ စခန်းကြီး စသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားတင်ပြ ထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြား ပါသည်။
(၄) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မော်လမြိုင်မြို့၊ ကွင်းရပ်၊ ရတနာမြိုင်(၂)လမ်းနှင့် (၃)လမ်းရှိ မုန့်တီဖိုများ နှင့်စပ်လျဉ်း၍ စည်ပင်သာယာနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကျောက်တန်းစက်မှုဇုန်တွင် နေရာလွတ် ရှိ/မရှိ ထပ်မံစိစစ်ခဲ့ရာ ကျောက်တန်းစက်မှုဇုန်အတွင်း ယခင်သံလွင်ဈေး သား၊ ငါးဒိုင် ရွှေ့ပြောင်းရန် လျာထားဖူးသည့် မြေနေရာလွတ်၌ ပြောင်းရွေ့သတ်မှတ်ပေးပါက သင့်တော်ကြောင်းတွေ့ရှိရပါသဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူ၍ ရွှေ့ပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားပါသည်။
(၅) ဒေါ်မြသိင်္ဂံမော်၏၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော မုဒုံမြို့အနောက်ဘက်ခြမ်းရှိ ကော့ပရံရွာသို့ သွားသောလမ်းရှိ ဒုတိယ မြောက်တံတားအား မူလတံတားဟောင်းအတိုင်းပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုသော ကိစ္စနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မုဒုံမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကော့ပရံရွာအဝင်တံတားအား (10.1 m x 6m) ရှိသော သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက (၉၀)သန်း ခန့် ကုန်ကျမည်ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်နယ်ရန်ပုံငွေတွင် ဘဏ္ဍာငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၆) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ပေါင်မြို့နယ်တွင် လယ်ယာမြေကို အကွက်ရိုက်ရောင်းချနေမှု၊ အဆောက်အဦဆောက်လုပ်နေမှုနှင့်ပတ်သက်ပြီး သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ ကျေးရွာလယ်/စီအဖွဲ့၏ အရပ်သားများကို အုပ်ချုပ်ရေးဥပဒေနှင့်လည်းကောင်း၊ အဖွဲ့ဝင်တွင်ပါဝင်သည့် ဌာနဆိုင်ရာဝန်ထမ်းများကို တာဝန်ထမ်းဆောင်မှုဆိုင်ရာ နိုင်ငံ့ ဝန်ထမ်းဥပဒေအရလည်းကောင်း၊ ပျက်ကွက်မှုအတွက် အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြစိစစ်အရေးယူနိုင်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မြို့နယ်လယ်/စီကို အရေးယူဆောင်ရွက်ပေးရန်နှင့်
(၇) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ မေးမြန်းသော မြွေဆိပ်ဖြေဆေးနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက မြွေဆိပ် ဖြေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ဆေးရုံများကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းရှိပါသည်။ သို့သော်လုံလောက်မှုမရှိပါ။ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးအလုံးရေ (၃၇၈၁၄) လုံး ရရှိဖြန့်ဝေသုံးစွဲခဲ့ပါသည်။ ကျန်းမာရေးဌာနအနေဖြင့် ခွေးကိုက်ခံရပြီးမှသာ ကာကွယ်ဆေးထိုးပေးနိုင်ပါသည်။ ခွေးလေခွေးလွင့်များပေါများလာသည်နှင့်အမျှ ခွေးကိုက် ခံရသောဦးရေသည်လည်း မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့်ခွေးကိုက်မခံရအောင် ကာကွယ်ခြင်း၊ ခွေးလေခွေးလွင့်များ လျော့ပါးအောင်ဆောင်ရွက်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မြွေဆိပ်ဖြေဆေးနှင့် ခွေးရူးပြန်ရောဂါကာကွယ် ဆေးများကို ဆေးခွဲတမ်းပါဝင်ခြင်းရှိ/မရှိ နှင့် ကာကွယ်ဆေးရှိကြောင်းအား back dateဖြင့် ကြေညာခြင်းမပြုလုပ်ရန် တာဝန်ရှိသူအနေဖြင့် မည်သို့တာဝန်ယူဆောင်ရွက်ပေးမည်ကို မေးမြန်းရာ ၂၀၁၉ ဖေဖော်ဝါရီလကုန်တွင် ဆေးများထပ်မံရရှိမည်ဖြစ်ပြီး ကာကွယ်ဆေးရှိကြောင်းအား back dateဖြင့် ကြေညာခြင်းမပြုလုပ်ရန် တာဝန်ရှိသူ အနေဖြင့် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ပါသည်။
(ခ) အဆို (၁)ခုတင်သွင်းခြင်း
တရုတ်ချေးငွေ(ခေါ်) China Exim Bank ချေးငွေစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ပြည်သူများထိခိုက် နစ်နာမှု ရှိလာခြင်းကြောင့် အကောင်အထည်ဖော်သည့် နည်းလမ်းများကို ပြန်လည်ပြုပြင်တည့်မတ် ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး ဦးချစ်တင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၉ -၂-၂၀၁၉)ရက် (အင်္ဂါနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်ကို ဦးဝဏ္ဏကျော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ တင်သွင်းခြင်းနှင့် လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၉ -၂-၂၀၁၉)ရက် (အင်္ဂါနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆) လပတ် အစီရင်ခံစာကို ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့၊ဝန်ကြီးချုပ်မှတင်ပြခြင်းနှင့်အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၉ -၂-၂၀၁၉)ရက် (အင်္ဂါနေ့) ညနေ (၄)နာရီနောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နေ့လည် (၁၁)နာရီ(၄၅) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၂၁-၂-၂၀၁၉)ရက် (ကြာသပတေးနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။


