ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား
၃၀-၁၁-၂၀၁၅ ရက်နေ့ (၁၂း၀၀)နာရီ အချိန် ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြှင့်တင်ခြင်းစာမေးပွဲတွင် ရာထူးအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိ သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဝင်များ၊ ပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှူး၊ အရာရှိများ၊ ရုံးဝန်ထမ်းများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ပြည်နယ်လွှတ်တော်ရုံးတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရန်အတွက် အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား လေ့လာဖတ်ရှုမှတ်သားထားရန် လိုအပ်ကြောင်း၊ ထို့အပြင် ကိုယ်စားလှယ်များသည် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ဒေသလူထုနှင့် ပကတိအခြေအနေကို ဆက်စပ်နိုင်မှ အဆင့်ရှိသော စွမ်းဆောင်ရည်ကို ဖော်ထုတ်နိုင်မှာဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ၊ ရုံးဝန်ထမ်းများသည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပကတိအခြေအနေများကို သိရှိနားလည်း ထားကြရန်လိုအပ်ကြောင်း၊ စာမေးပွဲသည် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားခြင်းကို ရာနှုန်းပြည့် မပေးနိုင်သော်လည်း အထောက်အကူပြုမှုတစ်ခုဖြစ်ကြောင်း ပြောကြပါသည်။ ၎င်းနောက် ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးမှ စာမေးပွဲကျင်းပခြင်း၊ ဆုရရှိသော ဝန်ထမ်းများအမည်စာရင်းနှင့် ရမှတ်အခြေအနေများကို ဖတ်ကြားတင်ပြပါသည်။ ဆက်လက်ပြီး ဝန်ထမ်းများအရည်အချင်းမြှင့်မားရေး စာမေးပွဲတွင် ရာထူးအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို ဆုများချီးမြှင့်ပါသည်။
၎င်းနောက် အခမ်းအနားတက်ရောက်လာကြသော ကိုယ်စားလှယ်များမှ အကြံပြုတိုက်တွန်း အားပေးစကားများပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။



