အဆို၊ မေးခွန်းများနှင့်ပတ်သက်၍ လေ့လာတင်ပြခြင်း
၁။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ကျွန်တော်ကတော့ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးဖြစ်ပါတယ်။ ပထမဦးစွာ အဆိုများနှင့်ပတ်သက်ပြီးတင်ပြပါမယ်။
၂။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(ဆ)တွင် အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (ဆ) တွင် အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းဟု ပြဋ္ဌာန်းပြီးယင်း၏ ပြဋ္ဌာန်းချက်အရ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးများတွင် မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုများကို တင်သွင်းခဲ့ကြပါတယ်။
၃။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် အဆို(၄)ခုကို လွှတ်တော် ကိုယ်စားလှယ်(၄)ဦးမှ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၃)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၄)ခုအား အတည်ပြုခဲ့ပါတယ်။ တတိယပုံမှန် အစည်းအဝေးတွင် အဆို(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးမှ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၄)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၄)ခုကို အတည်ပြု၍ အဆို(၁)ခုကို မှတ်တမ်းတင်ခဲ့ပါတယ်။ စတုတ္ထပုံမှန်အစည်းအဝေးတွင် အဆို(၇)ကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၄)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၇)ခုကို အတည်ပြုခဲ့ပါတယ်။
၄။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁/၂၀၁၂) အထူးအစည်းအဝေးတွင် အဆို(၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးမှအဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၄)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၃)ခုကို အတည်ပြုပြီး အဆို(၁)ခုကို ဆိုင်းငံ့ခဲ့ပါတယ်။ ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆို(၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးမှအဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ ထောက်ခံပြီးအဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၄)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ယင်းအဆို(၄)ခုအနက် အတည်ပြုသည့်အဆို(၂)ခု၊ အတည်မပြုသည့်အဆို(၁)ခုနှင့်မှတ်တမ်းတင်သည့်အဆို (၁)ခု ရှိခဲ့ပါတယ်။ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆို(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးမှ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၃)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီၤး အဆို(၄)ခုကို အတည်ပြု၍ အဆို(၁)ခုကို မေးခွန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သတ္တမပုံမှန်အစည်းအဝေးတွင် အဆို (၃)ခုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၂)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၃)ခုကို အတည်ပြုခဲ့တယ်။
၅။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆို(၃)ခုကို လွှတ်တော်ကိုယ်စားလှယ် (၃)ဦးမှ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး (၁)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အတည်ပြုသည့်အဆို(၁)ခု၊ ဆိုင်းငံ့သည့်အဆို(၁)ခုနှင့်မှတ်တမ်းတင်သည့်အဆို (၁)ခု ရှိခဲ့ပါတယ်။ နဝမပုံမှန်အစည်းအဝေးတွင် အဆို(၁)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦးမှ အဆိုတင်သွင်း ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၂)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အဆို(၁)ခုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒသမပုံမှန်အစည်းအဝေးတွင် အဆို(၃)ခုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး(၄)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အတည်ပြုအဆို(၁)ခု၊ ဆိုင်းငံ့အဆို(၁)ခုနှင့် မှတ်တမ်းတင်သည့်အဆို(၁)ခု ရှိခဲ့ပါတယ်။
၆။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၁)ကြိမ်ပုံမှန်အစည်းအဝေးတွင် အဆို(၅)ခုကို လွှတ်တော် ကိုယ်စားလှယ်(၅)ဦးမှ အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံပြီး အဆိုများအပေါ် သက်ဆိုင်ရာဝန်ကြီး (၅)ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အတည်ပြုအဆို(၄)ခုနှင့် မှတ်တမ်းတင်သည့်အဆို (၁)ခုရှိခဲ့ ပါတယ်။ တင်သွင်းသောအဆိုများအပေါ် အချုပ်အားဖြင့်တင်ပြရလျှင် လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည့်အဆို (၆)ခု၊ အတည်ပြုခဲ့သည့်အဆို(၃၃)ခု၊ အတည်မပြုသည့်အဆို(၁)ခု၊ ဆိုင်းငံ့သည့်အဆို(၃)ခု၊ မေးခွန်းအဖြစ် ပြောင်းလဲခဲ့သည့်အဆို (၁)ခုတို့အား ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုတင်ပြချက်များကို ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
၇။ အဆိုများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များအရ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဥပဒေရေးဆွဲရေး တိုက်တွန်းကြောင်းအဆိုအား ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသလို အလားတူ အချို့ အဆိုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ပီပြင်စွာဆောင်ရွက်နိုင်မှုအားနည်းသည့် အဆိုများကိုလည်း တွေ့ရှိရပါတယ်။ အဆိုများနှင့်ပတ်သက်၍ အကောင်အထည်ဖော်မှုအားနည်းသည့်အဆိုများရှိသလို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် အဆိုများကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သထုံခရိုင်အမည်ကို သုဝဏ္ဏဘူမိခရိုင်ဟု အမည်ပြောင်းလဲသတ်မှတ်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၄)အရ နိုင်ငံတော်သမ္မတထံ တင်ပြရေးအဆိုနှင့်စပ်လျဉ်း၍ အောက်ခြေတွင် ပြည်သူ လူထုသဘောထား ခံယူကာ ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မှတ်တမ်းအဖြစ် ထားရှိဆောင်ရွက်ခဲ့မှုကို လွှတ်တော်မှ မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။
ဆက်လက်ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့်ပတ်သက်၍ ဖော်ဆောင်မှုလေ့လာသုံးသပ်တင်ပြပါမယ်….
၈။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်းကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ (ဇ) မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (ဇ) မေးခွန်းမေးမြန်းခြင်းနှင့်ဖြေကြားခြင်းဟု ပြဋ္ဌာန်းထားရာ ယင်းပြဋ္ဌာန်းချက်အရ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးများတွင် မွန်ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းများကို မေးမြန်းခဲ့ကြပါတယ်။
၉။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် မေးခွန်း(၂၃)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး (၇)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ တတိယပုံမှန်အစည်းအဝေးတွင် မေးခွန်း(၆၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၉)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ စတုတ္ထပုံမှန် အစည်းအဝေးတွင် မေးခွန်း(၂၆)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး (၈)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ (၁/၂၀၁၂)အထူးအစည်းအဝေးတွင် မေးခွန်း(၁၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၆)ဦးမှ ပြန်လည်ဖြေကြား ခဲ့ပါတယ်။
၁၀။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးခွန်း(၃၇)ခုကို လွှတ်တော် ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၈)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်း(၃၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက် အပေါ် သက်ဆိုင်ရာဝန်ကြီး(၈)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်း(၃၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၇)ဦးမှ ပြန်လည်ဖြေကြား ခဲ့ပါတယ်။ အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်း(၃၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၈)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
၁၁။ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းဝေးတွင် မေးခွန်း(၃၃)ခုကို လွှတ်တော် ကိုယ်စားလှယ် (၈)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၉)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒသမပုံမှန်အစည်းအဝေးတွင် မေးခွန်း(၅၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက် အပေါ် သက်ဆိုင်ရာဝန်ကြီး(၈)ဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ (၁၁)ကြိမ်ပုံမှန်အစည်းအဝေးတွင် မေးခွန်း (၁၅) ခု ကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ မေးမြန်းခဲ့ပြီး မေးမြန်းချက်အပေါ် သက်ဆိုင်ရာဝန်ကြီး(၆)ဦး ပြန်လည် ဖြေကြားခဲ့ပါတယ်။ ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများသို့ ကိုယ်စားလှယ်များမှ တင်သွင်းခဲ့ သည့် မေးခွန်းများအပေါ် အချုပ်အားဖြင့်တင်ပြရလျှင် မေးခွန်းပေါင်း(၄၂၁)ခု မေးမြန်းခဲ့ပြီး၊ မေးခွန်းများအား သက်ဆိုင်ရာ ဝန်ကြီးများမှ ဖြေကြားချက်မှာ(၄၃၈)ခု ဖြေကြားခဲ့ပါတယ်။
၁၂။ မေးမြန်းခဲ့သောမေးခွန်းများအပေါ် သက်ဆိုင်ရာဝန်ကြီးများ၏ ဖြေကြားချက်၊ ပြည်နယ်အစိုးရအဖွဲ့မှ ပြန်ကြားချက်ဆောင်ရွက်ခဲ့မှုများကို ကိုယ်စားလှယ်များအား ဖြန့်ဝေထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ မေးခွန်း များနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များအရ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့်မေးခွန်းများတွင် တစ်ချို့မေးခွန်းများအပေါ် ဖြေကြားခဲ့သည့်အတိုင်း ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သည်ကို တွေ့ရှိရပြီး၊ တစ်ချို့မေးခွန်းများသည် မေးမြန်းခဲ့သည့်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းနေသည်ကိုတွေ့ရှိရ ပါတယ်။ တစ်ချို့မေးခွန်းမေးမြန်းချက်များသည် အမေးတစ်မျိုး၊ အဖြေတစ်မျိုးဖြစ်နေသည်ကိုလည်း လေ့လာတွေ့ရှိ ရပါကြောင်း လေ့လာတင်ပြအပ်ပါတယ်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။

