ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးကို (၂၇.၉.၂ဝ၁၂)ရက်နေ့မှ (၂၈.၉.၂ဝ၁၂) ရက်နေ့ အထိ ကျင်းပပါသည်။ ယင်းအစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ဇော်လင်းအောင်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၂၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၇)ခု အတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ပဉ္စမကာလတိုငါးနှစ် စီမံကိန်း(၂ဝ၁၁-၂ဝ၁၂)ခုနှစ်မှ (၂ဝ၁၅-၂ဝ၁၆) ခုနှစ်ထိ ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်အကျဉ်းအား အဆိုပြု တင်သွင်းခြင်းအား အတည်ပြုခြင်း၊မွန်ပြည်နယ်၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ မွန်ပြည်နယ်၏ ၂ဝ၁၂-၂ဝ၁၃ခု၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ မွန်ပြည်နယ်၏၂ဝ၁၂-၂ဝ၁၃ ခု၊ဘဏ္ဍာရေးနှစ် ပြည်နယ်၏ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းများ တင်သွင်းခြင်းကို အတည်ပြု ဆုံးဖြတ်ခြင်း၊ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဆိုင်းငံ့ထားသော မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်းအား ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များတင်ပြခြင်းအား မှတ်တမ်း တင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာပူးပေါင်း ကော်မတီ၏ ဆောင်ရွက်ချက်များ တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့၏ ဖွဲ့စည်းပုံ စည်းမျဉ်းကို အတည်ပြုရန်အတွက် သဘောတူခြင်းနှင့် မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ အတိုင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ပါလီမန်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းကို သဘောတူပေးနိုင်ပါရန် တင်ပြခြင်းတို့အား သဘောတူ အတည်ပြုခြင်း၊ ပြည်နယ် စာရင်းစစ်ချုပ်၏ ဆောင်ရွက်ချက် အစီရင်ခံစာအား မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေကြမ်းကို အတည်ပြုခြင်း၊မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စည်ပင် သာယာရေးအဖွဲ့များ ငွေလုံးငွေရင်း လုပ်ငန်းလွှဲပြောင်း သုံးစွဲရေးနှင့်ပတ်သက်၍ အတည်ပြုခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂)ပါကိစ္စရပ်များကို ဥပဒေပြုရန် ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အကြီးအကဲကသာ နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း(၁၁)ပါ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဆက်သွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ပုဒ်မ ၆၈ တွင် လွှတ်တော်သည် နိုင်ငံတော်သမ္မတအား အကြောင်းကြားရန် ရှိသောအခါ အောက်ဖော်ပြပါ နည်းလမ်း တစ်ရပ်ရပ်ဖြင့် အကြောင်းကြားနိုင်သည် –
(က) လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်းအတည်ပြုပြီးနောက် သဝဏ်လွှာအဖြစ်ဖြင့် ဥက္ကဋ္ဌထံမှတစ်ဆင့် နိုင်ငံတော်သမ္မတထံပေးပို့ခြင်း၊
(ခ) လွှတ်တော်ကိုယ်စား ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခြင်းဟု ဖော်ပြပါရှိပါသည်။ အထက်ပါပုဒ်မ ၆၈(က)(ခ)အရ ပြည်နယ်လွှတ်တော်ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော် သမ္မတ ထံ သဝဏ်လွှာပေးပို့ရန် တိုက်တွန်းကြောင်း အဆိုအား ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အဆိုတင်သွင်းရာ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။


