5103

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်မှန်အစည်းအဝေး (ဒုတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၉)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း()ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ရေလုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်းရှင်များအား ချမှတ် ထားသောစည်းမျဉ်းစည်းကမ်းများလိုက်နာရန်နှင့် လိုက်နာမှုမရှိသော လိုင်စင်မဲ့ငါးဖမ်း ပိုက်လှေများအား မည်သို့အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ငါးဖမ်းလှေများနှင့်စပ်လျဉ်း၍ ရရှိသောအခွန်အခများကို စနစ်တကျကောက်ခံခြင်း၊ သတ်မှတ် ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီလိုင်စင်များထုတ်ပေးခြင်းများကို ပြုလုပ်လျက်ရှိပြီး ကမ်းနီးကမ်းဝေးငါးဖမ်းလှေ(၁၂၄၄)စီး ကို မှတ်ပုံတင်ဆောင်ရွက် ပေးထားပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်မှုရှိ၊ မရှိကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း၊ စီစစ်ပြီးရရှိလာသော အချက်များကို အစိုးရအဖွဲ့သို့တင်ပြ၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ချမှတ်ထားသောစည်းကမ်းများကို မလိုက်နာပါက မည်ကဲ့သို့အရေးယူဆောင်ရွက် မည်နည်းဟုမေးမြန်းရာ ဝန်ကြီးက ငါးဖမ်းပိုက်လှေများကို ကမ်းဝေး၊ ကမ်းနီးဟူ၍ (၂)မျိုး ခွဲထားကြောင်း၊ ကမ်းဝေးကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိပြီး ကမ်းနီးများကို ပြည်နယ်အစိုးရအဖွဲ့က တိုက်ရိုက်စီမံကွပ်ကဲလျက်ရှိကြောင်း ပြည်ထောင်စုမှ ထုတ်ပြန်ထားသော ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေမှာ နည်းဥပဒေမထွက်ရှိသေးလို့ ကမ်းဝေးအတွက် နည်းဥပဒေလိုအပ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်၊

(၂)     ဦးမင်းထင်အောင်ဟန၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ မေးမြန်းသော မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာများဖြစ်သော ကော့တွန်၊ ကော့ပေါက်၊ ကော့စိန်ကျေးရွာများတွင် ကိုးရီးယားနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်မည့် မီးလင်းရေးလုပ်ငန်း၏အခြေအနေကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လျှစ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်း ကကိုးရီးယားနိုင်ငံမှ (၂.၈၃)သန်းတန်ဖိုးရှိ စပါးခွံလောင်စာသုံး ကိုယ်ပိုင်စွမ်းအင်သုံးမီးစက်လှူဒါန်းမည့်ကိစ္စမှာ စပါးခွံလောင်စာ သုံးစွဲ ရခြင်းကြောင့် ဓာတ်အားခဏသာရရှိနိုင်ပြီး ရေရှည်တွင်ဒေသခံပြည်သူများမှာ ဝန်ထုပ် ဝန်ပိုးဖြစ်လာနိုင်ပါကြောင်း၊ စပါးခွံရရှိနိုင်ရေးအခက်အခဲဖြစ်လာနိုင်ကြောင်း၊ ရေရှည် အတွက်စဉ်းစားရခြင်းကြောင့်နှင့်  မီးလင်းရေးစီမံကိန်းအစား မွန်ပြည်နယ်၏ အခြားဒေသ သို့ ရွှေ့ပြောင်းရန်ဆောင်ရွက်ထားခြင်းမရှိပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း အနေဖြင့် စီမံကိန်းရပ်ဆိုင်းရခြင်းအကြောင်းအရင်း၏ အဓိကအချက်ကိုသိရှိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက ဒေသခံပြည်သူများ၏ရေရှည်အကျိုးကိုစဉ်းစားပြီး ပုဂ္ဂိုလ်ရေးမပါပါ ကြောင်း၊ စီမံကိန်းမှာကိုးရီးယားနိုင်ငံတင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်ခွင့်ရရှိထားပြီး Project Course အားနည်း၍ ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်၊

(၃)     ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်
အမှတ်
(၂)မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာရှိ တောင်ပြိုမှုကြောင့် ပြိုကျပျက်စီးသွားသော လူနေအိမ်(၈)လုံးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း ၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က တောင်ပြိုကျမှုကြောင့်သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော ဒေသခံပြည်သူများအား ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ပြိုကျပျက်စီးသွားသောလူနေအိမ်များနှင့် ဘုန်းကြီးကျောင်း (၃)ကျောင်းတို့အား ဘေးလွတ်ရာနေရာဒေသသို့ပြောင်းရွှေ့လိုခြင်းရှိ၊ မရှိမေးမြန်းခဲ့ ကြောင်း၊ လူနေအိမ်(၈)လုံးမှ ဘေးလွတ်ရာမြေနေရာတွင် နေထိုင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ရာ သင့်တော် သည့်မြေနေရာတွင် နေရာချထားပေးနိုင်ရေး အစိုးရအဖွဲ့သို့တင်ပြ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား ခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်နေ့ရက်အား အတိအကျသိရှိလိုပါကြောင်း၊ အဆိုပါနေအိမ်(၈)လုံး၏မိသားစုများသည် အခြားမိသားစု များနှင့်မှီခိုနေခိုင်ရပါကြောင်း၊ နေထိုင်နိုင်ရေး သင့်တင့်သောနှုန်း ထားရှိသည့် အဆောက် အဦ၊ လမ်း၊ မီး ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက အနီးစပ်ဆုံး အစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့်ဆုံးဖြတ်ချက်ရရှိပါက အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်၊

(၄)    ဒေါ်ခိုင်ခိုင်လဲ့၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှှ မေးမြန်းသော သထုံမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ ငါးကြင်းအင်းကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အလယ်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ငါးကြင်းအင်း ကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အဆင့်မြှင့်တင်ပေးခြင်းကိစ္စအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဌာနမှတင်ပြခဲ့ခြင်းမရှိပါ၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်ပါဝင်နိုင်ရေးအချိန်မီတင်ပြသွားရန် ပညာရေးဌာနသို့အကြောင်းကြား ထားပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်၊

(၅)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော မုဒုံမြို့နယ်ရှိကျေးရွာများတွင် ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများ ဆောက်လုပ်ပေးရေးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က မေးမြန်းထားသောလုပ်ငန်း(၅)ခုမှာ ၂၀၂၀-၂၀၂၁ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေတွင်ပါဝင်ခြင်းမရှိသည့်အတွက် ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဖြေကြားမှုမှာတိကျမှုမရှိပါ၍ မည်သည့်ဘတ်ဂျက်တွင်လုပ်ဆောင်ပေးနိုင်မည်နည်းဟုမေးမြန်းရာ ဝန်ကြီးက လုပ်ငန်း(၅)ခု ၏ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း(၈၀၀၀)ကျော် ဖြစ်ပါ၍ အစိုးအဖွဲ့သို့တင်ပြပြီးမှ တိကျ သောအဖြေကို ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လုပ်ငန်း(၅)ခုမှ မည်သည့်လုပ်ငန်း(၃)ခုကို တိတိကျကျလုပ်ပေးနိုင်မည်နည်းဟုမေးမြန်းရာ  ဝန်ကြီးမှမိုးရာသီမတိုင်ခင်မှာလုပ်ငန်း(၁)ခုကိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်ကျန်ရှိ သည့် လုပ်ငန်းများကို အစိုးရအဖွဲ့(Cabinet)သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်၊

(၆)     ဦးမင်းထင်အောင်ဟန၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ မွန်ပြည်နယ်လွှတ်တော်တွင် ကတိဝင်ထားသော လုပ်ငန်းများအား အစိုးရသက်တမ်းမကုန်ဆုံးမီ လုပ်ငန်းအားလုံးပြီးပြတ်အောင် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ပထမပုံမှန်အစည်းအဝေးမှ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ အဆို (၄၈)ခု၊ မေးခွန်း (၄၉၄)ခုရှိခဲ့ပြီး ကတိဝင်ခဲ့သောမေးခွန်း(၂၉၆)ခုရှိခဲ့ပါကြောင်း၊ မေးခွန်း (၁၄၅)ခုမှာ ပြီးပြတ်ခဲ့ပြီး မေးခွန်း(၁၅၁)ခုမှာကျန်ရှိနေပြီး ကျန်ရှိသောမေးခွန်းများအား သက်ဆိုင်ရာဌာနများနှင့်ဝန်ကြီးများမှ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ ကတိများ၊ အာမခံချက်များနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ နှင့်တွေ့ဆုံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေတိုဆောင်ရွက်ရမည့်လုပ်ငန်းများ ရှိသလို ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများလည်းရှိပါကြောင်း၊ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်၊

(ခ)    မွန်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် မှတင်သွင်းခြင်း၊ လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၇.၂.၂၀၂၀)ရက် (သောကြာနေ့)တွင်  အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)     မွန်ပြည်နယ်စာကြည့်တိုက်များဥပဒေကြမ်းအား ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှတင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် (၇.၂.၂၀၂၀)ရက် (သောကြာနေ့)တွင်  အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(ဃ)    မွန်ပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် အစားထိုးဖွဲ့စည်းရေးကိစ္စ တင်ပြခြင်းနှင့် အတည်ပြုခြင်း၊

(င)     မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စ ရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင် အစားထိုးဖွဲ့စည်းရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြု ခြင်း၊

၃။       အစည်းအဝေးကို  နံနက်(၁၁း၄၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပမည့်ရက်ကို (၁၀.၂.၂၀၂၀)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။