ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် ( ၂၈ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှမော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့၊ ကျိုက်ဖနဲဘုရားလမ်းပေါ်ရှိ ရေနုတ် မြောင်းများအား အမြန်ဆုံးရှင်းလင်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်လိုအပ်ပါကရန်ပုံငွေထည့်သွင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၂) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဒေသအာဏာပိုင်များ၏ ထောက်ခံချက်၊ ခွင့်ပြချက်ရယူခြင်းမရှိသော သထုံမြို့နှင့် ဘီးလင်းမြို့ နယ်နိမိတ်တွင် ဖွင့်လှစ်ထားသော PTT City စက်သုံးဆီ အရောင်းဆိုင်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းက PTT City စက်သုံးဆီအရောင်းဆိုင်သည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တည်ဆောက်ခွင့်ရရှိထားပြီး သိုလှောင်ခွင့်နှင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချ ခြင်းကို ခွင့်ပြုချက်မရှိဘဲ ရောင်းချနေကြောင်းတွေ့ရှိရသည့်အတွက် မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးဆက်ကော်မတီမှအရေးယူဆောင်ရွက် မည်ဖြစ်ကြောင်းကို PTT City စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်ထံ အကြောင်းကြား ထားပြီး ဖြစ်ပါကြောင်းနှင့် လိုက်နာမှုရှိ၊ မရှိကို လုပ်ငန်းကြီးကြပ်ရေးဆက်ကော်မတီမှ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုသို့ တင်ပြသွားမည်ဖြစ် ကြောင်း ဖြေကြားပါသည်။
(၃) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဘီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းအဆင့်တိုးမြှင့်ရေးကိစ္စ နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း မှ ကတီပု အလက(ခွဲ)မှ ကတီပု အလက အဆင့်သို့ တိုးမြှင့်ခြင်းကို ဆောင်ရွက်ထားရှိပြီ ဖြစ်ကြောင်းနှင့် အထက အဆင့်တိုးမြှင့်နိုင်ရေး အတွက် ကျောင်းအုပ်၊ ကျောင်းအကျိုး တော်ဆောင် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတိုု့မှ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြောက်သူဌေးကုန်း(မူလွန်)ကို မြောက်သူဌေး ကုန်း အလက (ခွဲ)အဆင့်သို့ တိုးမြှင့်ပေးရန်နှင့် ၊ ဗိုလ်တေဇ အလက (ခွဲ)အဆင့်မှ ဗိုလ်ဇေတ အလက အဆင့်သို့ တိုးမြှင့်ရေးနှင့်ပတ်သက်၍ သတ်မှတ်ချက်အရ ရှိရမည့် ကျောင်းသား ဦးရေနှင့်မကိုက်ညီသော်လည်း ထူးခြားမှုအခြေအနေအဖြစ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၄) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်တွင် တည်ရှိသော နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် သတင်းတပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအိမ်ရာများအား တိုးချဲ့ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် သတင်းတပ်ဖွဲ့ဝင် များ၏ ဝန်ထမ်းအိမ်ရာများအား တိုးချဲ့ဆောက်လုပ်ပေးရေးအတွက် ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုမှရရှိသည့် ဘတ်ဂျက်ခွင့်ပြုငွေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ ခွဲေ၀ ပြီး ရဲထောက်ဌာနကြီးမှတစ်ဆင့် ပြန်လည်ခွဲဝေပေးမှသာလျှင် ဆောက်လုပ်ခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ယခုပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့မှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ ရန်ပုံငွေထည့်သွင်းနိုင်ရေး တင်ပြသွားမည်ဖြစ်ပြီး ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၅) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သုဓမ္မဝတီမြို့သစ်ရှိ ဒေသခံ များအတွက် ရေရရှိရေး၊ အမှိုက်သိမ်းဆည်းရေး၊ ရေမြောင်းတူးဖော်ပေးရေး လုပ်ငန်း များအား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က သုဓမ္မဝတီမြို့သစ်တွင် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်ခံမှုမရှိသေးခြင်းနှင့်ပတ်သက်၍ သုဓမ္မဝတီမြို့သစ်အား မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျဖြစ်စေရေး စီစဉ်ထားပြီးပါက အခွန် ကောက်ခံရေးမျှတမှုရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပြီးပါက စည်ပင်သာယာရေးဥပဒေ နှင့်အညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ရေရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဝါပါးဆည်ရေလှောင်ကန်မှ ဂါလန်တစ်သိန်းဆံံံ့ရေစုကန် သို့ (၆)လက်မပိုက်ဖြင့် ရေတွန်းတင်ပြီး ရပ်ကွက်အတွင်းရှိ အများသုံးရေကန်(၄၃)ကန်သို့ ရေစီးဆင်းသောစနစ်ဖြင့် ရေပေးဝေးလျက်ရှိကြောင်း၊ သုဓမ္မဝတီမြို့သစ်သည် လူနေထိုင်မှု နည်းပါးသည့်အတွက် အမှိုက်နှင့်အညစ်အကြေးအခွန်များ ကောက်ခံနိုင်မှုမရှိသေးခြင်းတို့ ကြောင့် အမှိုက်သိမ်းဆည်းဆောင်ရွက်ပေးနိုင်မှုမရှိသေးကြောင်း၊ ရေမြောင်းတူးဖော်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို တစ်ဆက် တစ်ဆက်တည်း ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း ဖြေကြားပါသည်။
(၆) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်လည်းကောင်း၊ သန်းခေါင်စာရင်းပြုလုပ်ရာတွင် လည်းကောင်း မိဘ၏ဖြစ်တည်မှုအတိုင်း ထည့်သွင်းရေးသားထားခြင်းမရှိသည့် ဖြစ်စဉ်များ နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်မှ ဖြေကြားခဲ့ပြီး ဖြေကြားချက်အပေါ် ဆက်စပ် မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးမှ စာဖြင့် ပြန်လည်ဖြေကြားသွားမည်ဖြစ်သည်။
(၇) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ မော်လမြိုင်မြို့၊ ကွင်းရပ်ရပ်ကွက်၊ ယုဇနလမ်းအား စည်ပင်သာယာရေး အဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းမှ မိန်းရေပိုက်တစ်ချောင်း သွယ်တန်းသုံးစွဲခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီး က RTC ရေလှောင်ကန်သို့ ရေပိုမိုတင်ပို့နိုင်ရေးအတွက် ရွှေနတ်တောင် ရေတွန်းစက်ရုံမှ RTC ရေတွန်းစက်ရုံသို့ ရေတွန်းပိုက်လိုင်း ပြောင်းလဲတပ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီး ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိဖြန့်ဝေနေသော ရေပမာဏထက် ပိုမိုဖြန့်ဝေပေးနိုင်တော့ မည်ဖြစ်၍ ကွင်းရပ်ရပ်ကွက်အတွင်း ယုဇနလမ်းအပါအဝင် ရေလိုအပ်ချက်များရှိသည့် လမ်းများတွင် Submain များသွယ်တန်းနိုင်ရေး ရန်ပုံငွေတင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(ခ) ဒေါ်ကြည်ကြည်မြ၊ အတွင်းရေးမှူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရေးကော်မတီမှ တင်သွင်းခဲ့သော မွြန်ပည်နယ်လွှတ်တော်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့် ရေးကော်မတီ၏ Starhigh Asia Pacific Pte.; Ltd မှ သံလွင်မြစ်အတွင်းသဲစုပ်သည့် လုပ်ငန်း ဆောင်ရွက်နေမှု အပေါ် လေ့လာဆန်းစစ်ချက်ကနဦးအစီရင်ခံစာအား အမည်စာရင်းတင်သွင်း ထားသော ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် ဒေါ်ကြည်ကြည်မြ၊ အတွင်းရေးမှူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီတို့မှ ဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်းဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်(၁၁း၄၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကျင်းပမည့်ရက်ကို(၈.၁၀.၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။





