ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်ပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် (၂၇)ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မုဒုံမြို့နယ်အတွင်း မိုးကြီးလျှင် ရေလျှံနေမှုနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က အမှိုက်များနှင့်နှုံးများ အနည်းထိုင်မှု များပြားလာခြင်းတို့ကြောင့် ရေလျှံနေမှုများ လျော့နည်းလာစေရန် ရေထွက်ပေါက် အကျယ်တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေခြင်း၊ ရေလမ်းကြောင်းရှိ အမှိုက်များနှင့်နှုံးများပြန်လည်တူးဖော်ရေးလုပ်ငန်းများတို့သည် ရေစီးရေလာကောင်းမွန်ရေး စီမံချက်တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ရေးဆွဲထားသောစီမံချက်အတိုင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လမ်းမကြီးနှင့်လမ်းဘေးဝဲယာတွင် နေထိုင်ကြသည့်ပြည်သူများ၊ လမ်းမကြီးနှင့် လမ်းဘေးပခုံးနေရာကြား၊ မိမိတို့ခြံအစပ်ကို နှစ်စဉ်နှစ်တိုင်းမြေဖို့ခြင်းများ ပြုလုပ်သည့် အတွက် လမ်းပေါ်သို့စီးဆင်းရခြင်းဖြစ်ပါကြောင်း၊ ထိုသို့မပြုလုပ်ရန် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝင်များက အိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်များနှင့် မြေပိုင်ရှင်များအား ပညာပေးခြင်း၊ စာပေဟောပြောခြင်းများပြုလုပ်မည့်အပြင် လမ်းထက်မြင့်၍ နောက်ထပ်မြေဖို့ခြင်း၊ ကွန်ကရစ်ခင်းခြင်းများဆောင်ရွက်မှုမရှိစေရန် ကြီးကြပ်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ လမ်းပခုံး၊ လမ်းဘေးသို့မြင့်နေသောနေရာများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၂) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ရေးမြို့နယ်၊ ကလိတ်ထုတ်ကျေးရွာရှိ(အလက) ကလိတ်ထုတ်ကျောင်းနှင့်ပတ်သက်၍ သိရှိ လိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအတိုင်း ရှေးဦးစုံးစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တာဝန်မဲ့စွာ မျက်နှာလွဲ၍ ကျောင်းသို့မလာရောက်သည့်ကိစ္စအား မိမိဝတ္တရားအတိုင်း အရေးယူမှု မရှိသည့် ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးအား မည်သို့ဆောင်ရွက်အရေးယူ မည်ကို သိရှိလိုကြောင်းမေးမြန်းရာ ရှေးဦးစုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် ထို(၃)ဦးအား စုံစမ်းစစ်ဆေးသွာမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ရာ ထပ်ဆင့် ဆက်စပ်အနေဖြင့် မြို့နယ်(၁၀)မြို့နယ်တွင် ထပ်မံ၍ ယခုလိုအဖြစ်အပျက်မဖြစ်ပွားအောင် မည်သို့စောင့်ကြည့်ကြပ်မတ်ထိန်းကျောင်းပေးရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ပြည်နယ်ပညာရေးမှူးရုံးသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယခုလိုကိစ္စမျိုးဖြစ်ပေါ်လာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော မော်လမြိုင်မြို့၊ တနင်္သာရီလမ်းကို ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ် ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ တနင်္သာရီလမ်း အောက်လမ်း မကြီးနှင့်ကမ်းနားလမ်းကို ဆက်သွယ်ထားသည့်လမ်းပိုင်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီလမ်း၊ အောက်လမ်းမကြီးနှင့်ကမ်းနား လမ်းကို (၄၅၀x၁၂)ပေအား ငွေကျပ် (၇၂.၇၃)သိန်းဖြင့် ကတ္တရားလမ်းခင်းခြင်း ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း အဆိုပါလမ်းနယ်နိမိတ်တွင် ဘိုကုန်းရပ်ကွက်ဓမ္မာရုံ (၂၀x၈၃)ပေ ဆောက်လုပ်ထားသည့် ရပ်ကွက်ပြည်သူများနှင့်ညှိနှိုင်းရာ သဘောတူညီမှု
မရရှိပါ၍ အခြားလမ်းကိုပြောင်းလဲသုံးစွဲခဲ့ရပါကြောင်း၊ အဆိုပါတနင်္သာရီလမ်း နယ်နိမိတ် အောက်လမ်းမကြီးနှင့် ကမ်းနားလမ်းကြားအပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ရန် (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားခြင်းမရှိပါကြောင်းနှင့် ယခုပွင့်လင်း ရာသီတွင် ခြုံနွယ်များရှင်းလင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါသည်။
(၄) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှှ မေးမြန်းသော မော်လမြိုင်မြို့၊ တောင်ရိုးတန်းပေါ်ရှိ သာသနာ(၂၅၀၀)အဆောက်အဦနှင့် ပတ်သက်ပြီး သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ် ရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့၊ တောင်ရိုးတန်းပေါ်ရှိ သာသနာ (၂၅၀၀)အဆောက်အဦသည် RC လေးထပ်၊ ၁၅၀x၅၀x၄၉ပေ ဖြစ်ပြီး အဆောက် အဦ ကော်လံနှင့် စလပ်လေးထပ်အကြမ်းထည်တည်ဆောက်ထားသော အဆောက်အဦဖြစ်ပြီး အလှူငွေဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ အဆောက်အဦအုတ်မြစ် foundation သည် B0ld Pile စနစ်ဖြင့် တည်ဆောက်ထားသောကြောင့် ကျွံကျပျက်စီးသည့် အနေအထားမတွေ့ရသော်လည်း တောင်စောင်းတစ်လျှောက် ကာရံထားသော အုတ်စည်းရိုးမှာ ခိုင်ခန့်မှုအားနည်းခြင်း၊ ခိုင်မာသည့်မြေထိန်းနံရံမရှိခြင်း၊ စနစ်ကျသည့် ရေထွက်မြောင်းမရှိခြင်း၊ အဆောက်အဦ ဆောက်လုပ်သည့် ဧရိယာအတွင်း ဆောက်လုပ်ရေးပစ္စည်းများ စနစ်တကျမရှိခြင်းတို့ကြောင့် မိုးသည်းထန်စွာရွာသွန်းချိန်၌ တောင်စောင်းတစ်လျှောက် တောင်နှင့်ကပ်လျက်ရှိသော လူနေအိမ်များတွင်းသို့ မြေကြီးများရေစီးနှင့်အတူ မျောပါလာသည်ကို တွေ့ရှိရပါကြောင်း၊ မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ (၂၂-၆-၂၀၁၈)ရက်စွဲပါ စာဖြင့် ကျောင်းထိုင်ဆရာတော်သို့ အဆောက်အဦအား ရပ်ဆိုင်းထားပါရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ သာသနာရေးဆိုင်ရာအဆောက်အဦဆောက်လုပ်ခွင့် တင်ပြရယူသွားရန် လျှောက်ထား ခဲ့ရာ ဆရာတော်မှဆောက်လုပ်မှုအားရပ်ဆိုင်းခဲ့ပါကြောင်း၊ ရာမညနိကာယလေး ထပ်ကျောင်းဆောင်၏ တည်ဆောက်မှုအား တောင်ခြေ၌ နေအိမ်များ အန္တရာယ်ကင်းရှင်း စေရေးအတွက် လမ်းဦးစီးဌာနဦးဆောင်သည့်အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆောင်ရွက်သင့်သည်များသုံးသပ် အကြံပြုထားရှိခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှလည်း လမ်းဦးစီးမှအကြံပြုချက်ပါအတိုင်း ဆောင်ရွက်ရန် ကျောင်းထိုင်ဆရာ တော်သို့ အကြောင်းကြားလျှောက်ထားခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကျောင်းထိုင်ဆရာ တော်မှလည်းအကြံပြုလျှောက်ထားချက်ပါအတိုင်း ဆောင်ရွက်ရန် ပြင်ဆင်နေပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၂၆-၇-၂၀၁၉)ရက်စွဲပါစာဖြင့် လမ်းဦးစီးဌာနနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့သို့ မြေထိန်းနံရံ၊ ခြံစည်းရိုး၊ ရေနုတ်မြောင်းတိုင်းတာခြင်းနှင့် ဒီဇိုင်းပုံထုတ်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်မည့်အစီအစဉ်အား စိစစ်တင်ပြရန် အကြောင်းကြားခဲ့ပြီးဖြစ်ပါကြောင်း၊မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ (၂၇-၈-၂၀၁၉) ရက်စွဲပါစာဖြင့် ကျောင်းထိုင်ဆရာတော်ထံသို့ ဆောင်ရွက်မည့်အစီအစဉ်များ အမြန် ပြန်လည်တင်ပြပေးရန် ထပ်မံလှျှောက်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဆရာတော်မှလည်း ရေမြောင်း၊ ခြံစည်းရိုးနှင့်ရေထိန်းနံရံများ ပြုလုပ်ပေးနိုင်ရေးအတွက် မြေနယ်နိမိတ် အမှတ်သိရှိနိုင်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ မြေတိုင်းတာပေးနိုင်ရန် တောင်းခံထားကြောင်းတွေ့ရှိရပါကြောင်း၊ ကျောင်းထိုင် ဆရာတော်မှပြန်လည်တင်ပြလာပါက လုပ်ငန်းအစီအစဉ်အပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများဦးစွာ ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(၅) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော မွန်ပြည်နယ်အစိုးရအနေဖြင့် ပေါင်မြို့နယ်၊ မြေပြိုမှုနှင့်ပတ်သက်၍ ဘူမိပညာရှင်များနှင့်စမ်းသပ်တိုင်းတာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း ကမွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပေါင်မြို့နယ်ရှိ တောင်တန်းများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဘူမိဗေဒကျွမ်းကျင်သည့်နည်းပညာရှင်များ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးထားရှိပါကြောင်းနှင့် အဆိုပါအဖွဲ့၏တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအပေါ် ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ ပြောင်းရွှေ့စေခြင်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပေါင်မြို့နယ်အတွင်း ကျောက် တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်လုပ်မည့်ဧရိယာအကျယ်အဝန်း နှင့် ထုတ်လုပ်သည့် ကျောက်ကျင်းပမာဏအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA)၊ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း(IEE)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) တို့ကို ရေးဆွဲစေ ပြီး၊ စီမံကိန်းလုပ်ငန်းများအား ရေးဆွဲတင်ပြထားသည့် စိစစ်အတည်ပြုပြီးသော အစီရင်ခံပါ အစီအမံများအတိုင်း၊ မြေနေရာရှင်းလင်းခြင်း၊ မြေစာများစုပုံခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေသော နည်းလမ်းများဖြင့် ကျောက်ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ကမ်းပြိုမြေပြိုမှုများမဖြစ်စေရန် မြေထိန်းနံရံ တည်ဆောက်ခြင်း၊ စိမ်းလန်းစိုပြည်ရေးအစီအစဉ်အရ ကွက်လပ်ဖြည့်အစားထိုးစိုက်ခင်းများ စိုက်ပျိုးစေခြင်း၊ ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာစေခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ အလေးထားဆောင်ရွက်ရမည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ပုံမှန် ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်တူးဖော်သည့် နေရာများကိုလည်း လိုအပ်ပါက ဘူမိဗေဒပညာရှင်များအဖွဲ့နှင့် စမ်းသပ်တိုင်းတာနိုင်ရေး အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာ ရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံပြီး အဆိုပါဌာန နှင့်ညှိနှိုင်းမှုရရှိပါက ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အနာဂတ်ကာလတွင် မြေပြိုနိုင်ခြင်း၊ မပြိုနိုင်ခြင်း ရှိ၊ မရှိ ပြိုနိုင်ခြင်းရှိလျှင် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုတာ သိချင်ပါကြောင်း၊ မြေပြိုနိုင်သည့် (၂၁)နေရာထဲမှ မည်သည့်နေရာများ လူနေအိမ်ခြေနှင့်ဆက်စပ်မှုရှိ၊ မရှိကို သိလိုကြောင်း မေးမြန်းရာ သုံးသပ်ချက်များအတွင်း ယခင်က မြေပြိုထားသည့်နေရာ (၁၄)နေရာ ရှိကြောင်း၊ နောက်ထပ်မြေပြိုရန် အလားအလာအများဆုံးဖြစ်သည်ဟု အကြံပြုထား သည်မှာ (၂၁)နေရာဖြစ်ကြောင်း မြေနေရာအတိအကျနှင့်ပတ်သက်ပြီး မြေပုံအညွှန်းတွင် ဖော်ပြထားသည်ဖြစ်ကြောင်း၊ မြေပုံအညွှန်းတွင်ဖော်ပြထားသည့်လူနေရပ်ကွက်များကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံများနှင့်ဆွေးနွေးညှိနှိုင်းပြီး သတိဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို ဆက်လက်ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ ကျောက်မိုင်း များကို မိမိတို့ဌာနအနေဖြင့် ကွင်းဆင်းပြီး Landslide မဖြစ်ပေါ်အောင် မည်သို့ထုတ်ရမည်၊ သက်ဆိုင်ရာ မြေထိန်းနံရံများပြုလုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ် တွင်မြေပြိုမှုဖြစ်နိုင်သည့် အလားအလာနေရာတွေရှိပါကြောင်း၊ ပြည်နယ်တစ်ခုလုံုး လွှမ်းခြုံပြီး တိုင်းတာစစ်ဆေးရန် အချိန်အားဖြင့် အကန့်အသတ်ရှိပါကြောင်း၊ လိုအပ်လျှင် လိုအပ်သလို သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၆) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မွန်ပြည်နယ်အတွင်း (လဝက)ရုံးများတွင် ပြည်သူများဝန်ဆောင်မှုရယူရာ၌ လုပ်ငန်း အဆင်ပြေချောမွေ့လွယ်ကူစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် က မွန်ပြည်နယ်အတွင်း(လဝက)ရုံးများတွင် ဝန်ဆောင်မှုအနေဖြင့် တိုကင်စနစ်၊ လည်ဆွဲကဒ်၊ ပြည်သူများအားကောင်းမွန်စွာဆက်ဆံရန် ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ရုံးများတွင်ပွဲစားများဖြင့် ဆက်သွယ်ဆောင်ရွက်မှုမရှိရေး၊ ပြည်သူများအား ကောင်းမွန်စွာ ဆက်ဆံရေး၊ လာဒ်ပေးလာဒ်ယူ ကင်းရှင်းရေးစသည်တို့ကို တိကျစွာ ညွှန်ကြားထားပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တိုကင်သတ်မှတ် ရာတွင် လူဦးရေးဘယ်နှစ်ဦးကန့်သတ်၍ သတ်မှတ်ထားလဲ၊ information ပေးသည့် ဌာနက ဘယ်လောက်ထိ ယုံကြည်စိတ်ချရမလဲ၊ ပွဲစားများအနေဖြင့် ဝန်ကြီးသတ်မှတ်ချက် ထက်ကျော်လွန်ပြီး လုပ်ဆောင်နေပါက မည်သို့အရေးယူမှုများ လုပ်ဆောင်မလဲ၊ ဝန်ကြီးဆောင်ရွက်နေမှုများကို ဝန်းထမ်းများက တသွေမတိမ်းလိုက်နာခြင်း၊ လာဘ်ပေး လာဘ်ယူမှုများ ပပျောက်သွားမည်လို့ ဝန်ကြီးအနေဖြင့် ယုံကြည်မှုကိုသိလိုကြောင်း၊ ရုံးများ အား ဝန်ကြီးမှအကြောင်းကြားမှုမရှိဘဲ လျှပ်တစ်ပြက်စစ်ဆေးဆောင်ရွက်ရန် ရှိ၊ မရှိ မေးမြန်းရာ information ပေးသည့် ဌာနဝန်ထမ်းများမှ ပွဲစားလုပ်ပြီး ပိုက်ဆံတောင်းခံ လာပါက မိမိထံသို့တိုင်ကြားနိုင်ကြောင်း၊ ဝန်ထမ်းများအား ညွှန်ကြားထားသည်များ လိုက်နာမှုမရှိပါကခိုင်လုံသည့်အထောက်အထားတင်ပြလာပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(ခ) အစီရင်ခံစာ (၂)ခုတင်သွင်းခြင်း
(၁) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လပတ်အစီရင်ခံစာအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် မှတင်သွင်းခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၉.၉.၂၀၁၉)ရက် (ကြာသပတေးနေ့)တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(၂) မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) အရအသုံးခန့်မှန်း ခြေငွေစာရင်းစစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနအချို့၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက် များနှင့်စပ်လျဉ်းသောအစီရင်ခံစာအား ဒေါ်သိန်းသိန်းဦး၊ ပြည်နယ်စာရင်းစစ်ချုပ် မှ တင်သွင်းခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၉.၉.၂၀၁၉)ရက် (ကြာသပတေးနေ့)တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို မွန်းလွဲ(၁၂း၂၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၂၃.၉.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။




