ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မတ်လ ၁ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၉ခုနှစ်၊ မတ်လ ၁ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၉ )ဦး .တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ပထမမေးခွန်းအနေဖြင့် ကိုလိုနီလက်ရာ မြို့ပြအမွေအနှစ်အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရန် Yangon Heritage Trust ကဲ့သို့ ဖွဲ့စည်းပေးရန်အစီအစဉ် ရှိ၊ မရှိကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က မွန်ပြည်နယ် အတွင်း မြို့ပြအမွေအနှစ်အဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို စိတ်ဆန္ဒတူညီသူ၊ ရည်ရွယ်ချက်တူညီကြသည့် အတတ်ပညာရှင်၊ အသိပညာရှင်များ ဦးဆောင်ဦးရွက်ပြု၍ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လွတ်လပ်သောအသင်းအဖွဲ့အဖြစ် ဖွဲ့စည်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဖွဲ့စည်းပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၂) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ရပ်ကွက်ဘောလုံးကွင်းများအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏စီမံခန့်ခွဲမှုရှိသော အားကစားကွင်း/ အားကစားရုံ များကို ရန်ပုံငွေတင်ပြပြီး ခွင့်ပြုချက်ရရှိလာပါက ပြင်ပြင်ခြင်းလုပ်ငန်းနှင့်တည်ဆောက်ခြင်း လုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ၊ ရပ်ကွက်ဘောလုံးကွင်းကို ဌာနမှ ပြုပြင်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ လာမည့် ဘတ်ဂျက်နှစ်ရန်ပုံငွေရရှိပါကဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြား ပါသည်။
(၃) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ Walking Talking သုံးစွဲနေခြင်းသည် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲနေခြင်းဟုတ်၊ မဟုတ် သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုင်ဆောင် အသုံးပြုခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သောကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအချင်းချင်း သတင်းပေးအကူညီတောင်းခံရန်အတွက် ကောင်းမွန်သော ဆန္ဒဖြင့် ကိုင်ဆောင်အသုံးပြုနေခြင်းဖြစ်ပြီး Walking Talking လမ်းလျှောက်စကား ပြောစက်အား အသုံးပြုနေခြင်းမဟုတ်ဘဲ နည်းပညာမြင့် တယ်လီဖုန်းများအား အုပ်ချုပ် ရေးမှူးများ၏အစီအစဉ်ဖြင့် ပြင်ပမှ အလွယ်ဝယ်ယူကိုင်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် လုံခြုံရေးအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ Negative ဘက်ကိုဦးတည်နေသည်မှာတစ်ကြောင်း၊ အိစုးရမှညွှန်ကြားထားသည် မဟုတ်ကတစ်ကြောင်း၊ သုံးစွဲတာရပ်တန့်စေပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ် ချုပ်ရေးမှူးများမနစ်နာစေဘဲပစ္စည်းများတာဝန်ယူဖြေရှင်းပေးစေဖို့ညွှန်ကြားပေးရန် အစီအ စဉ်ရှိ/မရှိ မေးမြန်းရာ ပြည်နယ်အစိုးရအနေဖြင့် တယ်လီဖုန်းကိုင်ဆောင်ခွင့်ပေးထားခြင်း၊ မပေးထားခြင်းပြော်ဆို၍ မရပါကြောင်း၊ သုံးစွဲနေသည့်အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်မှုလမ်းကြောင်းအရ ၊ သုံးစွဲမည်ဆိုလျှင်လုံခြုံရေး မထိခိုက်သည့်စကားပြောဆိုပါ၊ မဆိုင်သောစကားများမပြောဆိုဖို့အတွက် အုပ်ချုပ်မှုလမ်းကြောင်းအရ မြို့နယ်အုပ်ချုပ် ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှနေပြီးသတိပေးခေါ်ယူပြောကြားမည့် အစီအစဉ် လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၄) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော ပြည်သူ့ဆေးရုံများတွင်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပတ်သက်သည့် မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ဆေးရုံများအလိုက်တာဝန်ကျဆရာဝန်များ၏ တာဝန်ချိန်များကို သတ်မှတ်ထားပါသည်။ ခန့်ထားသည့်ဝန်ထမ်းဦးရေမှာ မလုံလောက်ပါသဖြင့် တာဝန်ကျ ဆရာဝန်များမှာ ပိတ်ရက်မရှိ Night Off မရဘဲ ၂၄နာရီ Duty တာဝန်အပြည့် ထမ်းဆောင် နေရပါသည်။ တာဝန်ချိန်အတွင်း လူနာများကျန်းမာရေးစောင့်ရှောက်မှုထိခိုက်အောင် ပျက်ကွက်မှုများမရှိပါ။ ခွင့်မဲ့ပျက်ကွက်သည့်ဆရာဝန်များရှိပါသည်။ Duty Roster တွင် ထည့်မဆွဲဘဲ ၎င်းဆရာဝန်များ အလုပ်ပြန်လည်ဝင်ရောက်ပါက ခွင့်မဲ့ပျက်ကွက်ခြင်းများ အတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူပါသည်။ ခွင့်မဲ့ပျက်ကွက်ပြီး (၂၁)ရက်ကျော်လွန်၍ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ဌာနကင်းကွာဆရာဝန်များကို သက်ဆိုင်ရာမြို့နယ်ဆရာဝန်နှင့်ဆေးရုံအုပ်ကြီးများမှ ပျက်ကွက်မှုကိုပြည်နယ် ကုသရေး ဦးစီးဌာနသို့အကြောင်းကြားပါသည်။ ဌာနကင်းကွာဆရာဝန်များကို စာဖြင့်တစ်ပတ်ခြား (၃)ကြိမ်ဆင့်ခေါ်ပါသည်။ ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်း (Departnental Enquiry) ပြုလုပ်၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့်တကွ နေပြည်တော်ရုံးချုပ်သို့ တင်ပြပါသည်။ နေပြည်တော်ရုံးချုပ်မှ အမှုတွဲအားစစ်ဆေးပြီး ရာထူးမှထုတ်ပယ် (Remove)ပါသည်။ လူနာနှင့်လူနာရှင်များအပေါ် ရင့်သီးစွာပြောဆို ဆက်ဆံသည့် ဝန်ထမ်းများတွေ့ရှိ၍ စာဖြင့် သတင်းအတိအကျ ပေးပို့ပါက သက်ဆိုင်ရာ ဝန်ထမ်းကို ကနဦးစစ်ဆေးမှုပြုလုပ်ပါသည်။ လူနာနှင့်လူနာရှင်များအပေါ် သက်ဆိုင်ရာ ဝန်ထမ်းမှ ဆေးရုံရှိလူနာနှင့်လူနာရှင်များ လိုက်နာရမည့် စည်းကမ်းများ ချိုးဖောက်မှုမရှိဘဲ ရင့်သီးစွာပြောဆိုဆက်ဆံကြောင်း ပေါ်လွင်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဌာနဝန်ထမ်းအားလုံးကို ဘယ်လိုပေါင်းစပ်မှု၊ ကြီးကြပ်မှု၊ စစ်ဆေးမှုလုပ်နေသလဲဆိုတာ မေးမြန်းရာဝန်ကြီးချုပ်မှဖြစ်စေ၊ သက်ဆိုင်ရာ ဝန်ကြီးမှဖြစ်စေ၊ တိုက်ရိုက်ဆေးရုံတွင်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လူနာများကို ပြေပြေပြစ်ပြစ်ဆက်ဆံရန် ညွှန်ကြားထားပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်ဦးစီးမှူးမှ တစ်ဆင့် ကုတင်(၅၀၀)ဆေးရုံအုပ်ကြီးများမှတစ်ဆင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ များကို ညွှန်ကြားချက်ထုတ်ထားကြောင်း ပြန်လည်းဖြေကြားပါသည်။
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ (၆)လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တို့မှဆွေးနွေးခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊
(ဂ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ (၆)လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊
(ဃ) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ၏ သောင်နုမြေများခွဲဝေပေးရေးနှင့်ပတ်သက်သည့် အစည်းအဝေး(စတုတ္ထနေ့) မေးခွန်းဖြေကြားမှု အပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၈ အရ ဆွေးနွေးခြင်းနှင့်ဖြေကြားခြင်း၊
(င) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေနှင့်ပတ်သက်သည့် အစည်းအဝေး(ဆဋ္ဌမနေ့) မေးခွန်းဖြေကြားမှု အပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၈ အရ ဆွေးနွေးခြင်းနှင့်ဖြေကြားခြင်း၊
၃။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက် အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်းကြေညာခြင်း။
ဥက္ကဋ္ဌအနှစ်ချုပ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင် ယနေ့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို ဖိတ်ကြား၍တက်ရောက်သူ(၇)ဦး၊ လေ့လာသူ(၈)ဦး တက်ရောက်ခဲ့သည့် အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ မိမိအနေဖြင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ်ကို တင်ပြပါမယ်ရှင်။
အစည်းအဝေး(ပထမနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ တရုတ်ချေးငွေ(ခေါ်) China Exim Bank ချေးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူများထိခိုက်နစ်နာမှုရှိလာခြင်းကြောင့် အကောင်အထည်ဖော် သည့်နည်းလမ်းများကို ပြန်လည်ပြုပြင်တည့်မတ်ပေးရန် မွန်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း၊ ၂၀၁၈-၂၀၁၉ ခု၊ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တင်သွင်းခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ (၆)လပတ် အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသောအစီရင်ခံစာတင်ပြခြင်း၊ ” မွန်ပြည်နယ်အတွင်းလူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT)ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အဆို” တင်သွင်းခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြခြင်းနှင့်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(တတိယနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသင့်ကြောင်းတိုက်တွန်းသည့်အဆို တင်သွင်းခြင်း၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်းသည့် ကနဦးအစီရင်ခံစာ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(စတုတ္ထနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ” မုဒုံမြို့နယ်၊ ကျောက်တစ်လုံး၊ မှိန်ဂနိမ်း၊ နိုင်းပြိုင်ကျေးရွာ(၃)ရွာကြား၌ တည်ဆောက်ထားသော ပင်လယ်ပြာစွမ်းအားဝဥစက်ရုံအား မြေယာပိုင်ဆိုင်မှုအပါအဝင် ခွင့်ပြုချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် ဖော်ပြပါအတိုင်း မဆောင်ရွက်နိုင်မီစပ်ကြား စက်ရုံအားပိတ်သိမ်းထားပေးရန် အစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း”၊ ” မွန်ပြည်နယ်အတွင်းလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အဆို” ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးနှင့်စပ်လျဉ်းသည့် ကနဦးအစီရင်ခံစာ ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး( ပဉ္စမနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသင့်ကြောင်းတိုက်တွန်းသည့်အဆို မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသင့်ကြောင်းတိုက်တွန်းသည့်အဆို ဆွေးနွေးခြင်း၊ အတည်ပြုခြင်း တို့ကိုဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး (ဆဋ္ဌမနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ “တရုတ်ချေးငွေ(ခေါ်) China Exim Bank ချေးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူများထိခိုက်နစ်နာမှုရှိလာခြင်းကြောင့် အကောင်အထည်ဖော် သည့်နည်းလမ်းများကို ပြန်လည်ပြုပြင်တည့်မတ်ပေးရန် မွန်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆို” ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ အစည်းအဝေး( စတုတ္ထနေ့)တွင် မေးမြန်းခဲ့သော သောင်နုမြေများခွဲဝေပေးရေးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်းသည့် မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅အရ လျှောက်ထားလာခြင်းကိစ္စ လွှတ်တော်သို့တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေး(သတ္တမနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ” မုဒုံမြို့နယ်၊ ကျောက်တစ်လုံး၊ မှိန်ဂနိမ်း၊ နိုင်းပြိုင်ကျေးရွာ(၃)ရွာကြား၌ တည်ဆောက်ထားသော ပင်လယ်ပြာစွမ်းအားဝဥစက်ရုံအား မြေယာပိုင်ဆိုင်မှုအပါအဝင် ခွင့်ပြုချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် ဖော်ပြပါအတိုင်း မဆောင်ရွက်နိုင်မီစပ်ကြား စက်ရုံအားပိတ်သိမ်းထားပေးရန် အစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အဆို” ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အရအသုံးခန့်မှန်း ခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာကိုဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ အစည်းအဝေး( ဆဋ္ဌမနေ့) မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅အရ လျှောက်ထားလာခြင်းကိစ္စ လွှတ်တော်သို့တင်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ပါတယ်။
အစည်းအဝေး(အဋ္ဌမနေ့)တွင် မေးခွန်း(၄)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ် အစီရင်ခံစာဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ အစည်းအဝေး( စတုတ္ထနေ့)တွင် မေးမြန်းခဲ့သော သောင်နုမြေများခွဲဝေပေးရေးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်းသည့် မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅အရ လျှောက်ထားလာခြင်းကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၈အရ ဆွေးနွေးခြင်းနှင့် ဖြေကြားခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ အစည်းအဝေး( ဆဋ္ဌမနေ့) မေးခွန်း၏ ဖြေကြားမှုအပေါ် မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅အရ လျှောက်ထားလာခြင်းကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၈အရ ဆွေးနွေးခြင်းနှင့် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း(၅၃)ခု၊ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆို(၄)ရပ်တင်သွင်းပြီး အဆို(၃)ရပ်ကို အတည်ပြုခြင်း၊ အဆို(၁)ရပ်ကို မှတ်တမ်းတင်ခြင်း၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ခွဲဝေသုံးစွဲမှုဆိုင်ရာ လျာထားချက် အတည်ပြုခြင်း၊ အစီရင်ခံစာ(၃)ရပ် မှတ်တမ်းတင်ခြင်း၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီ(၁)ခု ပြင်ဆင် ဖွဲ့စည်းခြင်း တို့ကိုလည်းဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တက်ရောက်လေ့လာသူ စုစုပေါင်း(၉၈)ဦးရှိပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
လေးစားအပ်သော လွှတ်တော်ကိုယ်စားလှယ်များရှင် မိမိတို့ မွန်ပြည်နယ်လွှတ်တော်အနေဖြင့် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကတော့ အောင်မြင်စွာပြီးစီးခဲ့ပါတယ်။အဲ့ဒီမှာဒီနေ့ မိမိတို့မြင်တွေ့ကြားခဲ့ရ သလိုဘဲ ဆောင်ရွက်ချက်တစ်နေ့ချင်းကို ဖတ်ပြတယ်၊ အစီရင်ခံတယ်။ ဒီကနေ့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တကယ့်ကို အရေးကြီးသော မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်နဲ့ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ကိုယ်စားလှယ်တွေအနေနဲ့ ဘာကို ဆွေးနွေးရသလဲဆိုရင်အစိုးရအဖွဲ့ကနေ တင်သွင်းလာတဲ့စာအုပ်တွေကို ကြည့်ပြီးဆွေးနွေးရခြင်းဖြစ်ပါတယ်။ အစိုးရအဖွဲ့ကရေးသွင်းထားတာ ပါသည်ဆိုရင်လည်း မိမိတို့ကပါတဲ့ အတိုင်းဆွေးနွေးပြီး၊ အစိုးရအဖွဲ့က မဖော်ပြထားဘူးဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြေပြင်မှာမြင်တွေ့တာကို ပကတိအတိုင်း ပါစေချင်လို့ မိမိတို့ကအစီရင်ခံစာမှာ မပါဘူးလို့ အပြုသဘောနဲ့ ကောင်းစေချင်လို့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ ကျွန်မခဏခဏပြောလေ့ရှိပါတယ်။ ဝန်ကြီးချုပ်ပြောသလိုပါပဲ၊ ကျွန်မတို့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့အခါမှာ ဒီမိုကရေစီအနှစ်သာရဖြစ်သော မရှိမဖြစ်လိုအပ်တာက(Parliament) လို့ဆိုသော လွှတ်တော်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်သွားနေသမျှ ကာလပတ်လုံးလွှတ်တော်က အမြဲတမ်း ဒွန်တွဲလျက်ပါနေမှာဖြစ်ပါတယ်။ မိမိတို့ လေးစားလိုက်နာနေသော ၂၀၀၈အခြေခံဖွဲ့စည်းပုံဥပဒေမှာလည်း ပုဒ်မ ၁၁(က)ပြဋ္ဌာန်းပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်။ မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာက ဥပဒေပြုရေးမဏ္ဍိုင်၊ အစိုးရအဖွဲ့က အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုပြီးပါပါတယ်။ ဒီပုဒ်မ၁၁(က) မှာလည်းဒီမဏ္ဍိုင်(၃)ရပ်ဟာ အချင်းချင်းသီးခြားစွာရပ်တည်ပြီးတော့မှ အပြန်အလှန် လေးစားမှု ရှိရပါမယ်။ ဒါကျွန်မတို့ လေးစားလိုက်နာတဲ့ဥပဒေဖြစ်ရပါမယ်။ ဒီဥပဒေမှာ ဒီနေ့မှာဆိုရင် လွှတ်တော် အစည်းအဝေးမှာ မဏ္ဍိုင်ကြီး(၃)ရပ်ဆုံပါတယ်။ တစ်ခုနဲ့တစ်ခုအပြန်အလှန်လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့ လွှတ်တော်ဆိုတာ ဥပဒေပြုတယ်၊ ပြည်သူ့အသံနားထောင်တယ်၊ အစိုးရကို လုပ်ငန်းဆောင်တာတွေကို OverSigh လုပ်တယ်၊ ဒါကဘာလဲ၊ ကျွန်မအစကတည်းကပြောတယ်။ ကျွန်မတို့အစိုးရကို ကူညီတယ်လို့ ၊ ကျွန်မတို့ဘယ်လိုကူညီလဲ၊ အစိုးရမှာ ဌာနတွေကလည်းအများကြီး ရှိတယ်၊ ဝန်ကြီးဌာနရှိတယ်၊ ဦးစီးဌာနတွေရှိတယ်။ သူတို့မှာလည်းအလုပ်တွေအရမ်းများတယ်၊ ဌာနများသလောက် အလုပ်တွေများတယ်၊ ပြည်သူတွေလိုအပ်ချက်လည်းတော်တော်များတယ်၊ ကျွန်မတို့အစိုးရဆောင်ရွက်ရတာ (၃)နှစ်ပဲရှိပါသေးတယ်၊ (၃)နှစ်တောင်မှ ဧပြီလမှ ပြည့်မှာပါ၊ အစိုးရဆောင်ရွက်ရမယ့် အလုပ်တွေများတယ်၊ ပြည်သူ့လိုအပ်ချက်တွေ များတယ်၊ ဆောင်ရွက်သောဌာနဆိုင်ရာများတယ်၊ ဒါကို ကြီးကြပ်ဖွဲ့စည်းရမှာက ၂၀၀၈အခြခံဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၅၆ (က)၊(ခ) ရှိပါတယ်။ ဒါကို ကျွန်မလွှတ်တော်အစည်းအဝေးတိုင်းပြောတယ်။ အစိုးရ ဆောင်ရွက်လိုက်နာရမယ့် ပြဋ္ဌာန်းထားသော ၂၀၀၈ ဥပဒေဖြစ်ပါတယ်၊ အဲ့တော့ပြည်သူအတွက် မိမိတို့အလုပ်လုပ်တယ်၊ စနစ်ဆိုတာ့ ဒီမိုကရေစီဆိုတော့ အနှစ်သာရက ပြည်သူတွေကိုအကျိုးဖြစ်စေမယ့် အစိုးရလည်းပြည်သူထဲကပဲ၊ လွှတ်တော် လည်းပြည်သူထဲကပဲ၊ ပြည်သူ့အကျိုးအတွက်လုပ်ရမယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ အားလုံးကို ကြီးကြပ်ကွပ်ကဲဖို့ ကျွန်မတို့ ပုဒ်မ ၂၅၆(က)၊ (ခ) ပြဋ္ဌာန်းထားတာရှိပါတယ်။ အဲ့ဒီတော့ လွှတ်တော် မှာဒီလိုမျိုး စုံညီအစည်းအဝေးခေါ်တာ အစိုးရရဲ့များမြောင်လှသော လုပ်ငန်းဆောင်တာတွေမှာ လွှတ်တော်က ကိုယ်စားလှယ်တွေက ပြည်သူ့ကိုကိုယ်စားပြုပြီးတော့ မြေပြင်ဆင်းတယ်။ ပြည်နယ်အတွက် အကျိုးရှိမည့် အဆိုများဒါကို ကျွန်မတို့တင်တယ်၊ ကျွန်မတို့ ကိုယ်စားလှယ်တွေတင်သွင်းတဲ့အဆိုဟာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ် ဆိုတာ အုပ်ချုပ်ရေးဘက်ကကိုယ်စားလှယ်တွေဆွေးနွေးပေးပါ။ အုပ်ချုပ်ရေးမှာ တာဝန်ရှိသော ကိုယ်စားလှယ် များက ဆွေးနွေးပေးဖို့ အများကြီးတာဝန်ရှိပါတယ်။ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေမြင်တွေ့တဲ့ ရှုထောင့်နဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်၊ ပြည်နယ်အတွက် အကျိုးရှိမယ်၊ ဆိုတဲ့အဆိုကို တင်သွင်းခြင်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က ကိုယ်စားလှယ်တွေက ဘာပြောရမလဲဆိုရင် ဒီအဆိုဟာ အခုမတင်သွင်းသင့်သေးဘူး၊ ကျွန်မတို့ ဝန်ကြီးချုပ်ပြောသလို SOP ဒါကဘာရှိပါတယ်၊ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းက ဌာနမှာဒီလိုရှိပါတယ်၊ ဒါကြောင့် ဒီအဆိုကို မှတ်တမ်းတင်သင့်ပါတယ်၊ အတည်မပြု သင့်သေးဘူးဆိုတဲ့ အုပ်ချုပ်ရေးဘက်က ကိုယ်စားလှယ်များ ဆွေးနွေးပေးဖို့ အများကြီး မျှော်လင့်တယ်။ မဆွေးနွေးပေးရင်လည်း ဥပဒေပြုရေးမဏ္ဍိုင်ကဖြစ်သော ကျွန်မတို့ကိုယ်စားလှယ်တွေ အားလုံး မသိနိုင်ပါဘူး၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း(Process)တွေကို မသိပါဘူး၊ ကျွန်မတို့ အဆိုတစ်ခုတင်ရင် ရည်ရွယ်ချက်က အစိုးရကို ကူညီလိုသော ဆောင်ရွက်ချက်၊ အစိုးရကဆောင်ရွက်ပြီးရင် ပြည်သူတွေအတွက် အကျိုးအများကြီးရှိမယ်ဆိုသော ရည်ရွယ်ချက်နဲ့ ကျွန်မတို့အဆိုအများကြီးတင်သွင်းပါတယ်။ ကိုယ်စားလှယ်များ ဖြစ်သော အုပ်ချုပ်ရေးဘက်ကလည်း ဆွေးနွေးပေးပါလို့ ပြောချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ဗဟုသုတရလာမယ်၊ ဌာနဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေပြုရေးမဏ္ဍိုင်မှ ကိုယ်စားလှယ်တွေလည်း သိလာရမှာဖြစ်ပါတယ်။ အဆိုတင်တယ် အစီရင်ခံစာတင်သွင်းတယ်ဆိုတာ ကျွန်မတို့က အကျိုးရှိမယ်ထင်လို့၊ လုပ်မယ်ဆိုရင် အကျိုးရှိမယ်မြင်လို့ အဆိုတွေတင်တယ်၊ အစီရင်ခံစာတင်တယ်၊ အခုကျွန်မတို့ဆွေးနွေးတာကို နားထောင်ခြင်းဖြင့် ယေဘုယျဆန်တယ်လို့မြင်ပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် နှလုံးအထူးကုကိစ္စအစီရင်ခံစာမှာ ဖော်ပြသလောက်ပဲ ကျွန်မတို့ ဆွေးနွေးတယ်။ ဝန်ကြီးချုပ်ကထရှင်းတဲ့အခါမှာတော့ ပစ္စည်းတွေရောက်ပါပြီ၊ ဆရာဝန်လည်းခေါ်ထားပါပြီး ဆိုပြီးကြားပါတယ်၊ ဒါကိုအစီရင်ခံစာမှာဖော်ပြသင့်ပါတယ်။ ကျွန်မတို့ဟာ ပြည်သူအတွက်ကောင်းဖို့ ပြည်နယ်အတွက်ကောင်းဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကျွန်မတို့ရဲ့ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ရှိပါတယ်။ ဘယ်သူကိုမှ အပြစ်ပြောစရာမလိုဘူး၊ ကျွန်မတို့သည် ယခုအချိန်မှစပြီး ကျန်တဲ့သက်တမ်းမှာအကောင်းဆုံးအလုပ်လုပ်ရအောင် ၊ ဒါပဲအမြဲတမ်းပြောပါတယ်။ အကောင်းဆုံးအလုပ်လုပ်သည်၊ မလုပ်သည်ကို ကျွန်မတို့ပြည်သူတွေက ခံစားရမယ်၊ သိလာမယ်၊ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ မြေပြင်ကွင်းဆင်းတွေ့ရှိချက်အရ လိုအပ်တာတွေကို မေးခွန်းမေးတယ်။ အစီရင်ခံစာတင်သွင်းတယ်။ ကောင်းဖို့ပဲ၊ ဒါကြောင့်မို့ ကျွန်မတို့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် ပြည်သူကရွေးကောက်တဲ့ကိုယ်စားလှယ်များဖြစ်တယ်။ ဒါကြောင့်မို့ ဒီစုံညီအစည်းအဝေးမှာ လွှတ်တော်ရဲ့တာဝန်ကြီး(၃)ရပ်ကိုဆောင်ရွက်တယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် အားလုံးပေါင်းစပ်ညှိနှိုင်းပြီးမှ ပြည်သူ့အကျိုး၊ ပြည်နယ်အကျိုးကို ဆောင်ရွက်ကြရအောင်လို့ပြောကြားရင်းနဲ့ ဒီ(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ လေးစားအပ်ပါသော ကိုယ်စားလှယ်များအားလုံး၊ မီဒီယာများအားလုံး၊ လေ့လာသူများ၊ အားလုံးကိုနှုတ်ဆက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

