3395

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ မေလ ၂၉ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၁၈ခုနှစ်၊ မေလ ၂၉ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၈  )ဦး တက်ရောက် ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမျိုးဇော်အောင်အစား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးကြီးတင်ထွဋ်အားလည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်မြတ်မိုးအစား တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးမြတ်သူရခိုင်အားလည်းကောင်း အစားထိုးပြောင်းလဲခဲ့ပြီး ဗိုလ်မှူးကြီးတင်ထွဋ်နှင့်ဗိုလ်မှူးမြတ်သူရခိုင်တို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၇၃ ၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၈၊ ပုဒ်မခွဲ(ခ)အရ ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်း၊

 (ခ)   ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက လေလံချထားပေးသော ဘီးလင်းမြို့နယ်ရှိ ပိုင်ဒဝယ်အင်းနှင့် နှင်းပုလဲကြာအင်း လေလံပေးဆောင် ရွက်စေခြင်း တို့ကို ဖျက်သိမ်းပေး နိုင်ရေးနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက  ပိုင်ဒဝယ်အင်းသည် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်လေလံချထား သော ဂရန်အင်းဖြစ်၍ လယ်သမားမိသာစုများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် လည်ကောင်း၊ ပြည်နယ် ရန်ပုံငွေမလျော့ပါးစေရန်အတွက် လည်းကောင်း၊ အင်းအတွင်း ဖမ်းဆီးသည့် ငါးဖမ်းကိရိယာများကို ကန့်သတ်သွားပြီး၊ နှင်းပုလဲကြာအင်းသည် အိုး လုပ်ငန်းလုပ်ကိုင်သူ များမှ အိုးလုပ်ငန်းအတွက် နှစ်စဉ်အကွက်ချမြေတူးယူမှုများရှိသဖြင့် အင်းနယ်နမိတ်နှင့် အင်းကိုထိခိုက်စေနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းထား ရှိသောအင်းမြေပုံအရ (၁၅)ဧကရှိပြီး အင်းမြေပုံအသစ် ပြန်လည်ရေးဆွဲ နိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့်ညှိနှိုင်းထားပြီး အင်းမြေပုံအသစ် ရေးဆွဲပြီးပါက အင်းနယ်နမိတ်ကျောက်တိုင်စိုက်ထူရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် နှစ်စဉ် ငါးလုပ်ငန်းဆည်ချမှုကြောင့် ချောင်းပိတ်ပြီးပတ်ဝန်းကျင်ရှိ ဘိုတေဇ၊ ကဇိုင်း၊ ရေဇလုပ်၊လယ်သမားမိသားစု (၃၀၀) ကျော် ရေကြီးနစ်မြုပ်မှုကို မည်သို့ တာဝန်ယူမည် မေးမြန်းရာ ရေကြီးနစ်မြုပ်မှုမဖြစ်အောင် ငါးလုပ်ငန်းဦးစီး ဌာနအနေဖြင့် တာဝန်ယူဆောင် ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အင်းလေလံဖျက်သိမ်းပေးနိုင်ခြင်း အစီအစဉ် မရှိသေး ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မွန်ပြည်နယ်အတွင်း မွေးမြူးရေးဇုန်များသတ်မှတ်ထားသည့် မြေနေရာ များ ရှိ/မရှိနှင့် မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ပေးမည်ကို သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မြို့နှင့်မနီးမဝေးဧရိယာများအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်စားကျက်မြေ အပါအဝင် လှပ်မြေများထဲမှ တစ်စပ်တည်း ဧက (၅၀)အထိနှင့် တစ်ဆက်တစ်စပ်တည်း မဟုတ် သော်လည်း အနည်းဆုံး(၁၀)ဧကနှင့်အထက်ရှာဖွေ၍ ဦးစားပေးအဆင့်အလိုက် မြေနေရာ များရှာဖွေ၍ လျာထားလျက်ရှိပါသည်။ မြို့နယ်အလိုက်လျာထားသည့် ပမာဏများနှင့် အညီဆောင်ရွက်မည်ဖြေကြားခဲ့ပြီး ထပ်ဆင့်မေးခွန်းအနေဖြင့် မွေးမြူရေးဇုန်သတ်မှတ် ပေးရန် အစီအစဉ်ရှိ/မရှိ၊ မည်သည့်အချိန်ကာလတွင် အကောင် အထည်ဖော်မည် ကို မေးမြန်းရာ မုဒုံမြို့နယ်တွင် အနံ့ဆိုးများထွက်သည့်အတွက် ဒေသခံများလက်မခံနိုင် ကြောင်း၊ မုဒုံနှင့်သံဖြူဇရပ်မြို့နယ်တွင် မြေနေရာရရှိဖို့ ခက်ခဲနေကြောင်း၊ အငြင်းပွားမှု ဖြစ်ပေါ်နိုင်၍ လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ မုဒုံတွင်နေမြေနေရာရှိခဲ့ပါက အစိုးရအဖွဲ့သို့တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ကတိုက်ကြီးကျေးရွာများတွင် ပေါ်ထွန်းလျက်ရှိသော သောင်နုမြေများများအား အဖွဲ့အစည်းတစ်ချို့နှင့်ငွေကြေး တတ်နိုင် သောရွာသားများမှ Backhole များဖြင့် လယ်ဝိုင်းခြင်း၊ တာဖို့ခြင်းလုပ်ငန်းများကို ဥပဒေမဲ့ပြုလုပ်နေခြင်းအား မည်ကဲ့သို့အရေးယူမည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက သောင်နုမြေ၄များအား ခွင့်ပြုချက်မရှိဘဲ လယ်မြေကွက်ဝိုင်းနေကြောင်း ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြလာခြင်းအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွေဲ့အနေဖြင့် သထုံမြို့နယ်အတွင်း ပေါ်ထွန်းနေသော သောင်နုမြေ (မြေနုကျွန်း )မြေများကို ၂၀၁၂ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ စနစ်တကျချထားဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး သောင်နုမြေများကို မည်သူတစ်ဦးတစ်ယောက်မျှ ခွင့်ပြုချက်မရှိဘဲ လယ်မြေကွက် ဝိုင်းရံခြင်း၊ တာဖို့ဆောင်ရွက်ခြင်းများမပြုလုပ်ကြရန်နှင့် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း၊  ကျူးကျော်နေတဲ့ စက်ပစ္စည်းတွေကို ဥပဒေမဲ့ လုပ်ဆောင်နေသည့်လုပ်ငန်းကို မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးမလဲနှင့်စပ်လျဉ်း၍ ကျေးရွာအုပ်စု (၅)အုပ်စု ဧက(၁၇၀၀)ရှိကြောင်း၊ တန်းစီဇယားအတိုင်းနေရာ ခွဲဝေချထားခြင်း ဆောင်ရွက်ပေးနိုင်ရေးနှင့် လယ်ယာမြေ ဥပဒေနှင့်အညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါသည်။

(၄)    ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော မီတာပုံးတစ်လုံးတည်းမှ လျျှပ်စစ်ဥပဒေအားချိုးဖောက်၍ ခွဲဝေသုံးစွဲ နေသောကိစ္စ နှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က တရားမဝင်ဓာတ်အားသုံးစွဲမှုများအတွက် အရေးယူဆောင်ရွက်ရန် ညွှန်ကြားချက် ထားပါကြောင်း၊  တရားမဝင်ဓာတ်အားသုံးစွဲမှုနည်းလမ်း (၁၀)မျိုးရှိ၍ မီးသုံးစွဲလိုသူများ အနေဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုမျိုး မပြုလုပ်ပါက လိုအပ်သလိုအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ကျေးရွာမီးလင်းရေး ကော်မတီများ ပူးပေါင်း၍ ပိုမိုအသိ ပညာပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် တိုင်တန်းမှ အရေးယူစစ်ဆေးပေးခြင်းထက် မကြာခဏဝင်ရောက်စစ်ဆေး ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်း၍ တတ်နိုင်သလောက် စစ်ဆေးပေးမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။

(၅)    ဦးဇော်ဇော်ထူး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မ

မေးမြန်းသော ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း တည်ဆောက်ခဲ့သော အဆောက်အဦအရေအတွက် မည်မျှရှိပြီး ၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ပြီးစီးခဲ့သည့် အရေအတွက် ၊ သက်တမ်းတိုးသည့် အရေအတွက် ၊ သက်တမ်းတိုးသည့်ကာလတွင် ပြီးဆုံးသည့်ရာခိုင်နှုန်းတို့နှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး မွန်ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်း (၈၂၃)ခု၊ ၁၀၀%ပြီးစီးသွားသည့်လုပ်ငန်း (၃၄၂)ခု၊ သတ်မှတ် ကာလကျော်လွန်ပြီးသက်တမ်းလွန် ဆောင်ရွက်နေတာ (၆၅)ခု)နှင့် မွန်ပြည်နယ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း (၅၄)ခု၊ သတ်မှတ်ကာလ အတွင်း (၁၀၀%)ပြီးစီးသွားသည့်လုပ်ငန်း (၃၄)ခု၊ သတ်မှတ်ကာလ ကျော်ပြီး သက်တမ်း တိုးဆောင်ရွက်နေသည့်လုပ်ငန်း (၃၈)ခုရှိကြောင်း ဖြေကြားခဲ့ပါသည်။

 

(ဂ)    ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ကတင်သွင်းခြင်း၊

(ဃ)   အဆို (၁)ခုတင်သွင်းခြင်း

တရားဥပဒေစိုးမိုရေးနှင့်ရပ်ရွာအေးချမ်းသာယာလုံခြုံရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် စီမံချက်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၂၉-၅-၂၀၁၈)ရက် (အင်္ဂါနေ့)ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို  နေ့လည် (၁၁)နာရီ(၃၅) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၃၀-၅-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)နံနက် (၁၀)နာရီတွင် ဆောင်ရွက်ပါမည်။