7815

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၆.၄.၂ဝ၂၆)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင်
မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်ရေးအချက်အလက်အကျဉ်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်‌ဝေခြင်း၊ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက ကန့်ကွက်ဆွေးနွေး နိုင်ကြောင်း (၃)ကြိမ်ဖိတ်ခေါ်ခဲ့ရာမှာ ကန့်ကွက်ဆွေးနွေးရန်မရှိကြသည့်အတွက် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်၀င်းသန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်မှ သဘောတူ ကြောင်း ကြေညာခဲ့ပါသည်။

၃။         ဆက်လက်ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ ထားသည့် မွန်ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ မွန်ပြည်နယ်၀န်ကြီးဦးရေ၊ မွန်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ တရားသူကြီးဦးရေတို့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်း၊ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက တင်ပြဆွေးနွေးနိုင်ကြောင်း (၃)ကြိမ်ဖိတ်ခေါ်ခဲ့ရာမှာ တင်ပြဆွေးနွေးရန်မရှိကြသည့်အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၆ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တို့အရ မွန်ပြည်နယ်ဝန်ကြီးဌာနအရေအတွက် (၇)ခုကိုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)တို့အရ မွန်ပြည်နယ်ဝန်ကြီးဦးရေ (၇)ဦးကို လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁)၊ (၂)တို့အရ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အပါအဝင် တရားသူကြီးဦးရေ(၄)ဦးကိုလည်းကောင်း လွှတ်တော်မှ သဘောတူကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။       တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၀န်ကြီးချုပ်၏ အမည်စာရင်း၊ မွန်ပြည်နယ်၀န်ကြီးဌာနအရေအတွက် (၇)ခု၊ မွန်ပြည်နယ်၀န်ကြီးဦးရေ (၇)ဦးနှင့် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တရားသူကြီးဦးရေ (၄)ဦးတို့ကို
တင်ပြခြင်းနှင့်  သဘောတူကြောင်း ကြေညာခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ပါသည်။

၅။         တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၁ဝး၃၁)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။