7839

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၇-၄-၂၀၂၆)ရက်၊ အင်္ဂါနေ့၊ နံနက် (၁ဝ:ဝဝ)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးတွင်လုံခြုံရေးနှင့်နယ်စပ်ရေးရာတာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ ပေးပို့ထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသည့် ဝန်ကြီးဌာန များတွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ပုဂ္ဂိုလ်များ၏အမည်စာရင်း၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အကျဉ်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်‌ဝေခြင်း၊ အဆိုပါအမည်စာရင်းများနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသော ကိုယ်စားလှယ်များ ရှိပါက ကန့်ကွက်ဆွေးနွေးနိုင်ကြောင်း (၃)ကြိမ်ဖိတ်ခေါ်ခဲ့ရာမှာ ကန့်ကွက်ဆွေးနွေးရန် မရှိကြသည့် အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၂ အရ ပူးတွဲပါ ပုဂ္ဂိုလ်များအား ပြည်နယ် ဝန်ကြီးများအဖြစ်လည်းကောင်း၊ ဒေါ်မိသန္တာမြင့်အား မွန်ပြည်နယ်ဥပဒေချုပ်အဖြစ်လည်းကောင်း၊ ‌ဒေါ်သိန်းသိန်းဦးအား မွန်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့ပါသည်။

၃။          ဆက်လက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ ထားသည့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက် ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ(ဗမာ)အတွက် ဦးမျိုးမင်းလှိုင်၊ တိုင်းရင်းသားလူမျိုးရေးရာ(ကရင်)အတွက် ဦးအောင်ကျော်သိန်း၊ တိုင်းရင်းသား လူမျိုးရေးရာ(ပအိုဝ်း)အတွက် ဦးချစ်သိန်းတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ
လွှတ်တော်သို့ တင်ပြခြင်းနှင့် အဆိုပါအမည်စာရင်းတို့အား လွှတ်တော်မှမှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါသည်။

၄။         ဆက်လက်ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ ထားသည့် မွန်ပြည်နယ်အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အမည်စာရင်းနှင့်   မွန်ပြည်နယ်၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ် အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏ အမည်စာရင်းတို့အား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊ ၎င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းများအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်‌ဝေခြင်း၊ အဆိုပါအမည်စာရင်းများနှင့်စပ်လျဉ်း၍ ကန့်ကွက် ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက ကန့်ကွက်ဆွေးနွေးနိုင်ကြောင်း(၃)ကြိမ်ဖိတ်ခေါ်ခဲ့ရာမှာ ကန့်ကွက်ဆွေးနွေးရန် မရှိကြသည့်အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၂ အရ ဒေါ်ဌေးမြင့်အေးအား မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ဒေါ်ခိုင်ခိုင်မျိုးတို့အား မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်မှသဘောတူကြောင်း ကြေညာခဲ့ပါသည်။

၅။       တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၀န်ကြီးဌာနများတွင် ၀န်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်များ၊  မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး များ၏အမည်စာရင်းတို့အား တင်ပြခြင်းနှင့် သဘောတူကြောင်း ကြေညာခြင်းတို့ကို‌ ဆောင်ရွက် ခဲ့ပါသည်။

၆။         တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၁း၁၁)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။