တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပပြုလုပ်ခြင်း
၁။
မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦးတက်ရောက်ခဲ့ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် ပူးတွဲပါပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခြင်းနှင့် လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရ အဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးမှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ အဆိုပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိကြသဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့အား လွှတ်တော်မှ သဘောတူဆုံးဖြတ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီအား (၁၁)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စ တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(သတ္တမနေ့)ကို (၁ဝး၂၁)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။

