တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို (၁၀.၄.၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦးတက်ရောက်ခဲ့ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှင့် အောက်ပါပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များမှ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၀ နှင့် ၆၁ တို့အရ လွှတ်တော် ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊
(ခ) ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊
(ဂ) ပြည်နယ်ဥပဒေချုပ်၊
(ဃ) ပြည်နယ်စာရင်းစစ်ချုပ်၊
(င) ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ။
၃။ ဆက်လက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်မှမိန့်ခွန်းမြွက်ကြားခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တတိယ အကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များမှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းမြွက်ကြားခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၅။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် သဘာပတိ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်း၊ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏အမည်စာရင်း၊ မွန်ပြည်နယ်ဝန်ကြီးဌာန အရေအတွက်(၇)ခုနှင့် ဝန်ကြီးဦးရေ(၇)ဦး၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အပါအဝင် တရားသူကြီးဦးရေ (၄)ဦးတို့ကို သဘောတူခြင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးဌာနများတွင် ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏ အမည်စာရင်းတို့ကို သဘောတူခြင်းနှင့် အဆိုပါအမည်စာရင်းများအား မှတ်တမ်းတင်ခြင်း၊ လွှတ်တော်ရေးရာကော်မတီ (၅)ခုဖွဲ့စည်းခြင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်၏မိန့်ခွန်းအားမှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
၆။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၉)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)ကို (၁ဝး၂၄)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။


