4890

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အနှစ်ချုပ်

ပြည်နယ်လွှတ်ကိုယ်စားလှယ်များရှင်၊ အစည်းအဝေး(ပထမနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှမတ်လအထိ (၆)လပတ် အစီရင်ခံစာ တင်ပြခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) အရအသုံးခန့်မှန်းခြေ ငွေစာရင်းစစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနအချို့၏ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသော အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(ဒုတိယနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းတင်သွင်းခြင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတင်သွင်းခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှမတ်လအထိ (၆)လပတ်အစီရင်ခံစာဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါတယ်။

အစည်းအဝေး(တတိယနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ Starhigh Asia Pacific Pte.; Ltd မှ သံလွင်မြစ်အတွင်း သဲစုပ်သည့်လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လေ့လာဆန်းစစ်ချက် ကနဦးအစီရင်ခံစာတင်ပြ ခြင်း၊ အစည်းအဝေး(ပထမနေ့)ကတင်ပြခဲ့သော မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအားဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(စတုတ္ထနေ့)တွင် မေးခွန်း(၆)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး (ဒုတိယနေ့)က တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(ပဉ္စမနေ့)တွင်  မေးခွန်း(၁)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မွန်ပြည်နယ် သဘာဝဘေး ကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဝမ်းသာဂုဏ်ပြုကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများတွင် ပိုမိုအားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း၊ အစည်းအဝေး (ဒုတိယနေ့)က တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်း၊ ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအပေါ် ပြင်ဆင်ချက်အဆို တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(ဆဋ္ဌမနေ့)တွင် (ပဉ္စမနေ့)ကတင်သွင်းခဲ့သော  မွန်ပြည်နယ်သဘာဝဘေး ကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဝမ်းသာဂုဏ်ပြုကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု များတွင် ပိုမိုအားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ အဆို၏ ပထမအချက်ဖြစ်သည့် မွန်ပြည်နယ်သဘာဝဘေးကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဝမ်းသာဂုဏ်ပြုကြောင်းအချက်အားဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဆို၏ဒုတိယအချက်ဖြစ်သည့်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများတွင် ပိုမိုအားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အချက်အားဆွေးနွေးခြင်း၊  အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးအစားထိုးခြင်း၊ ကော်မတီ၏သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြု ခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ အစားထိုးတာဝန်ပေးအပ်ခြင်း၊ ကော်မတီအဖွဲ့ဝင်နှစ်ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(သတ္တမနေ့)တွင် မေးခွန်း(၇)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အစည်းအဝေး(တတိယနေ့)က တင်ပြခဲ့သော မွန်ပြည်နယ်လွှတ်တော်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ Starhigh Asia Pacific Pte.; Ltd မှ သံလွင်မြစ်အတွင်း သဲစုပ်သည့်လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လေ့လာဆန်းစစ်ချက်ကနဦးအစီရင်ခံစာအား ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေး(အဋ္ဌမနေ့)တွင် မေးခွန်း(၈)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ အစည်းအဝေး(နဝမနေ့)တွင် မေးခွန်း(၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း (၄၆)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ ဥပဒေကြမ်းနှစ်ရပ်အတည်ပြုခြင်း၊ အဆို(၁)ခုအားနှစ်ပိုင်းခွဲပြီး မှတ်တမ်းတင်ခြင်း တစ်ရပ်၊ အတည်ပြုခြင်းတစ်ရပ်ဆောင်ရွက်ခြင်း၊ အစီရင်ခံစာ(၃)ရပ် မှတ်တမ်းတင်ခြင်း၊ ရေးရာကော်မတီ(၂)ခု ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရေးရာကော်မတီ(၁)ခု သက်တမ်းတိုးပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက် လေ့လာသူ စုစုပေါင်း (၁ဝ၆)ဦးရှိပါတယ်ရှင်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှင်၊ ကျွန်မတို့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂၀၁၇)မှတ်တမ်းဖြစ်ပါတယ်။ ကိုယ်စားလှယ်များအားလုံးကိုအမှတ်ရစေဖို့ ကျွန်မနည်းနည်း တင်ပြမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)မှာ ကျွန်မတို့ အနေနဲ့ မွန်ပြည်နယ်ရဲ့ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပါတယ်။ ကျွန်မတို့လေးစားအပ်သော ဝန်ကြီးချုပ်၏ မှတ်တမ်းအား ကျွန်မတို့လွှတ်တော်က မှတ်တမ်းတင်ထားပါတယ်ရှင်။ အဲ့ဒီမှတ်တမ်းမှာဆိုရင် ကျွန်မတို့ရဲ့လေးစား အပ်သော ဝန်ကြီးချုပ်မှ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသော မိန့်ခွန်းများကို မှတ်တမ်းအဖြစ်ထားရှိပါတယ်။ သူ့ရဲ့ မိန့်ခွန်းများမှာ ကျွန်မအနည်းငယ်ပဲကောက်နုတ်ပြပါမယ်။ လူပုဂ္ဂိုလ်အုပ်ချုပ်တဲ့စနစ်ကနေ ဥပဒေကအုပ်ချုပ်တဲ့ စနစ်ကို သွားဖို့ဖြတ်သန်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အုပ်ချုပ်တဲ့စနစ်ကနေ ဥပဒေကအုပ်ချုပ်တဲ့ စနစ်ကို သွားနေခြင်းဖြစ်ပါတယ်။ နောက်တစ်ခါမှာ အစိုးရတစ်ရပ်က ပြည်သူများစားဝတ်နေရေးအတွက် တာဝန် အပြည့်ရှိပါတယ်။ ပြည်သူကိုအကာအကွယ်ပေးရမယ်၊ ပြည်သူများအောင်ပွဲခံဖို့ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်လို့ မိန့်ခွန်းမှာပါရှိပါတယ်။ နောက်တစ်ခုက ဒုတိယအချက်မှာ လွှတ်တော်နှင့်အစိုးရပူးပေါင်းဆောင်ရွက်သွားဖို့ အထူး လိုအပ်ပါတယ်။ မိန့်ခွန်းမှာမှတ်တမ်းထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းကို မှတ်တမ်းထားခြင်းအားဖြင့် ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းဟာ ကျွန်မတို့သွားနေတဲ့ဒီမိုကရေစီစံနှုန်းအပြည့်ဖြစ်ပါတယ်။ အဓိကအချက်မှာ လွှတ်တော်နှင့် အစိုးရပူးပေါင်းဆောင်ရွက်သွားဖို့ အထူးပဲလိုအပ်ပါတယ်။ အဓိကအချက်က လွှတ်တော်၏ ဥပဒေပြုရေး၊ ပြည်သူ့ အသံနားထောင်ရေး၊ အစိုးရထိန်းကျောင်းရေးဆိုသည့်အတွက်ကြောင့် လွှတ်တော်နှင့်အစိုးရပူးပေါင်းရေးသည် အစိုးရနှင့်ပြည်သူပူးပေါင်းရေးဆိုလည်း မမှားပါဘူး။ ဒါကြောင့်မို့ လွှတ်တော်နှင့်အတူတကွပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့အတွက် အစိုးရတစ်ဖွဲ့လုံး၏ အင်အားနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်လို့ မိန့်ခွန်းမှာပြောထားတဲ့အတွက် ကျွန်မတို့မှတ်တမ်းတင်ထားရခြင်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့  ကျွန်မတို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းကို ကျွန်မတို့လွှတ်တော်မှာ မှတ်တမ်းတင်ထားသလို  အစိုးရအဖွဲ့ရော လွှတ်တော်ပါ လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းမှာ လွှတ်တော်နဲ့လေးစားရမယ်၊   အတူပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ ကျွန်မတို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် လွှတ်တော်နှင့်အစိုးရပူးပေါင်း ဆောင်ရွက်ဖို့ရှေးရှုပြီးတော့ မေးခွန်းမေးမှာဖြစ်ပါတယ်။ ကျွန်မတို့ဖြေကြားဖို့လည်းတာဝန်ရှိပါတယ်။ ဒီကနေ့တွေ့ရတဲ့ အခင်းအကျင်းက ဝန်ကြီးချုပ်ရဲ့စကားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးက လျစ်လျူရှုသလိုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကနေ့အခင်းအကျင်းက အမှန်တကယ်စိတ်မကောင်းစရာဖြစ်ပါတယ်။ ကျွန်မတို့ မေးခွန်း တွေပို့ပါတယ်။ ဝန်ကြီးချုပ်က စာပြန်ပါတယ်။ ဖြေနိုင်မယ့်နေ့ကို ကျွန်မတောင်းဆိုပါတယ်။ ကျွန်မလွှတ်တော်သည် အစိုးရနှင့်ငြင်သာစွာပူးပေါင်းဆောင်ရွက်ချင်လို့ဖြစ်ပါတယ်။ နောက်ဆုံးမှာ အစိုးရကစာပြန်ပို့တယ်။ အောက်တိုဘာ (၇)ရက်နေ့မှာဖြေပါ့မယ်။ ကျွန်မ အောက်တိုဘာ(၇)ရက်နေ့ကစ မေးခွန်တွေကို အစီအစဉ်မှာထည့်ပါတယ်။ အဲ့ဒီလို အစိုးရက ဖြေမယ်ဆိုတဲ့အစီအစဉ်အတိုင်း ကျွန်မ(၁)(၂)(၃)(၄) အစီအစဉ်ဆွဲပါတယ်။ ဒီကနေ့ ဒေါ်ခိုင်ခိုင်လဲ့ရဲ့ မေးခွန်းက ကျွန်မတို့ပေးထားတာကြာပါပြီ၊ အစိုးရဘက်က အဆင်သင့်ဖြစ်လို့ ဖြေကြားမယ်ဆိုတဲ့ရက်မှ ကျွန်မ အစီအစဉ်ထဲထည့်ပါတယ်။ ဖြေမယ့်ဝန်ကြီးကလည်းခွင့်တိုင်လိုက်တယ်။ ကိုယ်စားလာဖြေပေးပါတယ်။ ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ အစိုးရအဖွဲ့တစ်ဖွဲ့ကို ကျွန်မတို့နဲ့အတူတကွ ပူးပေါင်းဆောင်ရွက်မယ်
ဆိုသော ဝန်ကြီးချုပ်၏မိန့်ခွန်းအတိုင်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ကျွန်မတို့ လွှတ်တော်ကပေးပို့တဲ့မေးခွန်း အားလုံးကို ဝန်ကြီးတွေက သက်ဆိုင်ရာဝန်ကြီးတွေနဲ့အတူ Cabinet ဖြစ်စေ၊ အစိုးရတစ်ဖွဲ့လုံး ပူးပေါင်း ဆောင်ရွက်ပြီး ဌာနဆိုင်ရာများရဲ့လုပ်ထုံးလုပ်နည်းတွေအပေါ် ဌာနဆိုင်ရာများရဲ့လုပ်ထုံးလုပ်နည်းနှင့်တကွ ဒီမေးခွန်းရဲ့ဒေသ အခြေအနေကို ထင်ဟပ်စေပြီးတော့တာဝန်ရှိတဲ့ ဝန်ကြီးတွေက မိမိတို့ရဲ့ခြေလက်တွေ ဖြစ်သောရပ်ကွက်၊ ကျေးရွာထိရှိတယ်။ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပြင်ပကတိ အနေအထားပေါင်းစပ်ပြီးတော့ ဖြေလိုက်ရင် ကျွန်မတို့ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအတိုင်း ပူးပေါင်းဆောင်ရွက်တာ ပီပီပြင်ပြင်ဖြစ်ပါမယ်။ ဒီနေ့အခင်းအကျင်းမေးခွန်းတွေ ဖြေတဲ့နေရာမှာ လိုက်လျောညီထွေမှုမရှိတာ ကျွန်မတို့စိတ်မကောင်းပါဘူး။ ကျွန်မအမြဲလေ့လာတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ဒီလွှတ်တော်(၃)ရပ်ရဲ့ ကျွန်မတို့ ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်ဆိုတာ သီးခြားရပ်တည်ပါတယ်။ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်သည် ပြည်သူ့လွှတ်တော်လက်အောက်လည်းမဟုတ်ပါဘူး၊ အမျိုးသား လွှတ်တော်လက်အောက်လည်းမဟုတ်ပါဘူး၊ ပြည်ထောင်စုလွှတ်တော်လက်အောက်လည်းမဟုတ်ပါဘူး။ ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်အသီးသီးသည် မိမိတို့ရဲ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေနှင့်ရပ်တည်နေပါတယ်။ကျွန်မတို့ နိုင်ငံက ရုံးသုံးစကား၊ ရုံးသုံးစာက မြန်မာစာဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာ သက်ဆိုင်ရာဝန်ကြီးက ဖြေတယ်ဆိုရင် အခုလိုမျိုးဆောက်လုပ်ရေးအင်ဂျင်နီယာရဲ့ Terms အင်္ဂလိပ်တွေဖြစ်တယ်။ မြန်မာလိုမရှိပါဘူး၊ အင်္ဂလိပ်လိုပဲဖြစ်ပါတယ်။ အဲ့ဒီမှာ ဝန်ကြီးတွေက ဖြေဆိုခါနီးဆိုရင် လွှတ်တော်ကိုခွင့်တောင်းပါတယ်။ ကျွန်တော် ဖြေဆိုရမည့် ဥစ္စာက သက်ဆိုင်ရာဆောက်လုပ်ရေးဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ Terms တွေ၊ စာလုံး တွေဖြစ်တဲ့အတွက်ကြောင့် အင်္ဂလိပ်စာပါမှာကို ခွင့်ပြုပါလို့တောင်းဆိုတာလေ့လာမှတ်သားရပါတယ်။ ကျွန်မတို့ နိုင်ငံက ရုံးသုံးက မြန်မာစာဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးတွေကိုတတ်နိုင်သလောက်မြန်မာစာနဲ့ဖြေဖို့ ကျွန်မ တောင်းဆိုရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်မတို့ကိုယ်စားလှယ်တွေ ခွင့်ယူတာကိုလည်း သေသေချာချာဆင်ခြင်တွေးတောပြီးမှ မိမိသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ Parliament Session ဆိုတာလည်း အမြဲတမ်းရှိတာမဟုတ်ပါဘူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပါပြီး၊  ဒီလောက် အကြောင်းပြချက်လေးနဲ့ ခွင့်ယူသင့်လား၊ မသင့်လား မိမိတို့ကိုယ်တိုင်စဉ်းစားစေချင်ပါတယ်။ ကျွန်မအမြဲတမ်း  ပြောနေတာများပါပြီး၊ သိပ်လည်းမပြောချင်တော့ပါဘူး၊ လွှတ်တော်နှင့်အစိုးရဆိုတာ အမြဲတမ်းပူးပေါင်းရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ဆောင်ရွက်ချက်မေးခွန်းတွေအားလုံးဟာ ကျွန်မတို့အစိုးရကို ပုံရိပ်ကောင်းစေချင်တယ်။ ကျွန်မတို့မေးခြင်းအားဖြင့် အစိုးရဘက်ဖြေလေ၊ ဖြေတဲ့အခါကျ ပြည်သူတွေကသိမယ်။ ငါတို့ အစိုးရလုပ်တာပဲ အစိုးရကဆောင်ရွက်ပေးထားသားပဲ ငါတို့အစိုးရရှေ့ဆက်ပြီးတော့ ငါတို့အတွက်ဘာတွေလုပ်ထားပေးထားပြီး ပြည်သူတွေကကြားပါမယ်။ ကျွန်မတို့ လွှတ်တော်အနေနဲ့က Website တင်ပါတယ်၊ Page ထောင်ထားပါတယ်၊ ဂျာနယ်ရှိပါတယ်။ လွှတ်တော်၏ဆောင်ရွက်ချက်သည် အစိုးရကို ကူညီတဲ့ဆောင်ရွက်ချက်ဖြစ်သလို အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေထင်ထင်သာသာနဲ့သိရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သည် ဝန်ကြီးချုပ်ရဲ့ အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) မတ်လ (၁)ရက်နေ့မှာပြောတဲ့ ဝန်ကြီးချုပ် မိန့်ခွန်းကိုမှတ်တမ်းတင်ပါတယ်။ ဒီမှတ်တမ်းကိုလည်း ကျွန်မတို့ကိုယ်စားလှယ်တွေကို ဖြန့်ဝေထားပါတယ်။ ကျွန်မတို့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအတိုင်း လွှတ်တော်နှင့်အစိုးရ အထူး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရအောင်လို့ ပြောကြားရင်းနဲ့ ကျွန်မနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့၏ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးကြောင်းလည်း ကြေညာအပ်ပါတယ်။