ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆောင်ရွက်ပြီးစီးခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၁၂-၁၂-၂၀၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ “ပြည်သူများအား ဆူညံသံနှင့်စိတ်ဒုက္ခပေးနေသော အတွဲလိုက် အသံချဲ့စက်နှင့် ဆောင်းဘောက်(စ်)များ (Series Loud Speaker & Sound Boxes) ကားပေါ်တပ်ဆင်စနစ် ဖျက်သိမ်းပေးရန်၊ အသံပိုင်းဆိုင်ရာ စည်းကမ်းမဲ့ဖွင့်လှစ်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးပါရန်နှင့်အသံချဲ့စက် ဖွင့်လှစ်ခွင့် ရရှိသူအား အခမ်းအနားပေါ် မူတည်၍ အသံဖိအား db (Sound Level) သတ်မှတ်ထိန်းချုပ်ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေးခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ မှတ်တမ်းတင် သင့်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးရန် ထပ်မံဆွေးနွေးခြင်း၊ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့မှ ထပ်ဆင့်ဆွေးနွေးခြင်းနှင့် အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် အဆိုကို ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက် တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့မှ ဖြည့်စွက်ဆွေးနွေးကြပြီး စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ထပ်မံ ရှင်းလင်းဆွေးနွေးခြင်းနှင့် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ ထပ်ဆင့်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ကို ဆွေးနွေးအကြံပြုချက်များနှင့် အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် မေးခွန်း(၆)ခု မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ရပ်ဆွေးနွေးအတည်ပြုခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း(၁)ရပ်၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက် ဆွေးနွေးအတည်ပြုခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၂)ဦး၊ လေ့လာသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၁၂း၅၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။



