ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) ဆောင်ရွက်ပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၉-၁၂-၂၀၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ပေးရန် တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်မှ ထပ်ဆင့်ထောက်ခံဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးရန် ထပ်မံ ဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံမှ မော်လမြိုင်ဘိလပ်မြေစက်ရုံ(MCL)နှင့်ပတ်သက်သော အစီရင်ခံစာအပိုင်း (၂)တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တွင် မေးခွန်း(၆)ခု မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ရပ်ဆွေးနွေးအတည်ပြုခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း(၁)ရပ်၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တင်သွင်းခြင်း (၁)ရပ်၊ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL)နှင့်ပတ်သက်သော အစီရင်ခံစာအပိုင်း(၂) တင်သွင်းခြင်း(၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး၊ လေ့လာသူ (၂၅)ဦး တက်ရောက်ခဲ့ပါသည်။း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၂း၂၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။





