ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၄-၁၀-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “သထုံခရိုင်၊ သထုံမြို့နယ်တွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အာဇာနည်ကျောက်တိုင် တည်ဆောက်ရန် မြေနေရာ ပြန်လည်ပေးပါရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့် အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ ထောက်ခံဆွေးနွေးခြင်း၊ ရေးုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်၏ “လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ့ရှိချက်များကို တရားဥပဒေအရ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းမှ ထောက်ခံဆွေးနွေးခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ “မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်း စက်မှုလက်မှုအိမ်တွင်းစီးပွားရေးအသေးစား၊ အလတ်စားလုပ်ငန်းများအတွက် စက်မှုလက်မှုဇုံတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေး သင့်ကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ ထောက်ခံဆွေးနွေးခြင်း၊ တင်သွင်းခဲ့သော အဆို(၃)ခုအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် တင်သွင်းခဲ့သော “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ပါရှိသော အဆင့်မြင့်အစိုးရဧည့်ရိပ်သာ ဆောက်လုပ်ခြင်းနှင့်မွန်ပြည်နယ်ဥပဒေချုပ်ရုံး တည်ဆောက်မှုအစား ပြည်သူလူထု တိုက်ရိုက်အကျိုးရှိစေမည့် စီမံကိန်းများ၊ လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရေး တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်ထင်အောင်ဟန်တို့မှထောက်ခံဆွေးနွေးခြင်းနှင့်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ယင်းအဆိုပါ အဆင့်မြင့်ဧည့်ရိပ်သာ တည်ဆောက်ခြင်းအား မှတ်တမ်းတင်ပေးပါရန်နှင့် ဥပဒေချုပ်ရုံးဆောက်လုပ်မှုအား ဆက်လက်ဆောက်လုပ်သင့်ကြောင်း ဆွေးနွေးခြင်း၊ အဆိုရှင်မှ အဆိုကို အတည်ပြုပေးပါရန် ထပ်မံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ကန့်ကွက်သူရှိသဖြင့် အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြည်နယ်လွှတ်တော်မှ ကြေညာခြင်းနှင့်မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၀)မဲ၊ ကန့်ကွက်မဲ (၈)မဲနှင့်ပယ်မဲ (၁)မဲဖြစ်သဖြင့် အဆိုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် တင်သွင်းခြင်း(၃)ရပ်၊ အတည်ပြုခြင်း(၁)ရပ်နှင့်မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၄၄)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၂း၄၅)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။






