ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၃-၁၀-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ၂၀၁၆ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ခု၊ မူလခန့်မှန်းခြေ ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေလျာထားချက် စာရင်းရှင်းလင်းတင်ပြခြင်းကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်ပြခြင်း၊ တင်သွင်းခဲ့သော ဥပဒေကြမ်းနှင့်မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ခု၊ မူလခန့်မှန်းခြေဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီးခန့်မှန်းခြေလျာထားချက် စာရင်းရှင်းလင်းတင်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် တင်သွင်းခဲ့သော “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပါရှိသော အဆင့်မြင့်အစိုးရဧည့်ရိပ်သာ ဆောက်လုပ်ခြင်းနှင့် မွန်ပြည်နယ်ဥပဒေချုပ်ရုံး တည်ဆောက်မှုအစား ပြည်သူလူထုတိုက်ရိုက် အကျိုးရှိစေမည့် စီမံကိန်းများ၊ လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရေး တိုက်တွန်းကြောင်းအဆို”ကို မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်မှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံ ဆွေးနွေးခြင်း၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံ၏ “လူဦးရေတိုးပွား လာမှုကြောင့် လိုအပ်လျက်ရှိသော မြို့ပြစီမံကိန်းတိုးချဲ့ခြင်းနှင့် ကျေးလက်ဒေသတိုးချဲ့ခြင်းကို အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြောင်း အဆို”ကို ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်မှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “ကျွဲ၊ နွားများ တရားမဝင် သယ်ဆောင်ရောင်းချနေသည့် ကိစ္စအား ပပျောက်အောင် ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်းအဆို”ကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ လွှတ်တော်တွင် လက်ခံ ဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ တင်သွင်းခဲ့သော အဆို(၃)ခုအား ပြည်နယ်လွှတ်တော်မှ လက်ခံ ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် တင်သွင်းခဲ့သော ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းလုပ်ငန်း ပြန်လည်လေ့လာစိစစ်ရေးအဖွဲ့၏ အစီရင်ခံစာတင်ပြခြင်းအား ခေါင်းစဉ်ကြီး(၅)ခု၊ အပိုဒ်(၅၄)ပိုဒ်ဖြင့် တင်ပြလာခြင်းအပေါ် ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်၍ ပြန်လည်လေ့လာစိစစ်ရေး အဖွဲ့၏ အကြံပြုချက်၊ တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်များဖြင့် အစီရင်ခံစာ တင်ပြခြင်းအား ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးတို့မှ ထပ်မံဆွေးနွေးတင်ပြခြင်းနှင့်အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိ များနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာကို ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ တင်ပြခြင်းအား ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် တင်သွင်းခြင်း (၄)ရပ်၊ တင်ပြခြင်း (၂)ရပ်၊ အတည်ပြုမှတ်တမ်းတင်ခြင်း (၁)ရပ်နှင့်မှတ်တမ်းတင်ခြင်း (၂)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူ အဖြစ် (၄၃)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၂း၁၀)နာရီအချိန်တွင် ပြီးစီးကြောင်း တင်ပြအပ်ပါသည်။





