3842

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

 (က)  ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပထမမေးခွန်းအနေဖြင့် ၁/၂၀၁၇ ဘဏ္ဍာရေးစည်းမျဉ်းအရ အချို့သောဌာနများတွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ ဌာနမှတိုက်ရိုက်ဆောင်ရွက်နေခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ၁/၂၀၁၇ဘဏ္ဍာရေးစည်းမျဉ်းကို လိုက်နာကျင့်သုံးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် မွန်ပြည်နယ်အတွင်း ဆောင်ရွက်ရမည့် လမ်း၊ တံတား၊ အခြားတည်ဆောက်ရေးလုပ်ငန်းများအနက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်အရဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ ဌာနများမှ ဆောင်ရွက်မည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် AC plant မော်လမြိုင်အောက်လမ်းမကြီး၊ မုဒုံမြို့ပတ်လမ်း၊ ကျိုက်ထီးရိုးလမ်းလိုမျိုး ပြင်ပကုမ္ပဏီ တွေကို ဘာကြောင့်ငှားရမ်းအသုံးပြုခဲ့တာလဲ၊ ၁/၂၀၁၇ကို ၂၀၂၀ခုနှစ် မှသာ အပြည့်အ၀ လိုက်နာကျင့်သုံးနိုင်မယ်လို့ ဝန်ကြီးဖြေသွားပါတယ်၊ အတည်ပြု ပေးစေချင်ပါတယ်။ ၂၀၁၈-၂၀၁၉မှာလိုက်နာကျင့်သုံးနိုင်ခြင်းရှိ/မရှိ သိချင်ကြောင်း မေးမြန်းရာ လမ်းသည် အစောကြီးပြီးရမည့်ဟာကို AC plant မရှိသည့်အတွက် အဲဒီအချိန်မှာ AC plant ကို မဝယ်ရသေးကြောင်း၊ တင်ဒါခေါ်နေတဲ့ကာလဖြစ်ပါကြောင်း၊ မိုးကျတော့မှာဖြစ်၍ ပြင်ပကုမ္ပဏီနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၁/၂၀၁၇ ကိုလိုက်နာဆောင်ရွက်သွားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ထပ်ဆင့် ဆက်စပ်အနေဖြင့် ၂၀၂၀မှသာ ၁/၂၀၁၇ကို အပြည့်အ၀ လိုက်နာကျင့်သုံးမယ်လို့ ဖြေကြားသွားပါကြောင်း၊ အဲဒါကိုအတည်ပြုပေးစေလိုကြောင်း ထပ်မံမေးမြန်းရာ ၁/၂၀၂၀ ဆို ဌာနမှာ၅၀%၊ ၃၀%၊ ၁၀%လည်းမရှိတော့ပါကြောင်း၊ ၂၀၂၀ သြဂုတ်လ ၁ရက်ကနေစပြီးတော့ ၁၀၀% ၁/၂၀၁၇ တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားပါသည်။

(၂)    ဒေါ်ခင်မျိုးမြင့် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ကျိုက်မရောမြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော ကျေးရွာကိုယ်ထူကိုယ်ထမီးလင်းရေးလုပ်ငန်းတွင် ကျိုက်မရော မြို့နယ် အုပ်ချုပ်ရေးမှူးထက် မုဒုံမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာမှ သြဇာလွှမ်းမိုးနေခြင်း နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး (ပူးတွဲတာဝန်)   ဦးဝဏ္ဏကျော် က ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာလျှပ်စစ်ဓာတ် အားရရှိရေးအတွက် မုဒုံမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူစတင်ဆောင်ရွက် ခဲ့ပြီး ဓာတ်အားဖြန့်ဖြူးမှုလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပြီး ကျွန်းရွာကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် ကျေးရွာမီးလင်းရေး ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် မုဒုံမြို့နယ်ရှိ ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ ဓာတ်အားစတင်ဖြန့်ဖြူးခဲ့ပါကြောင်း၊ ကျွန်းရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌနှင့် မီးလင်းရေး ကော်မတီ၏ ငွေစာရင်းသုံးစွဲထားမှု ဆိုင်ရာ ငွေစာရင်းပြဿနာများ နှင့်ပတ်သက်၍ မြို့နယ်စာရင်းစစ်မှ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ အထိသာ စစ်ဆေးခြင်း၊ မီးလင်းရေးကော်မတီမှ ငွေစာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိခြင်းတို့ကြောင့် မကျေနပ်မှု များရှိနေခြင်း၊ အကြံပြုချက်မှာ မီးလင်းရေး ကော်မတီအသစ်ထပ်မံရွေးချယ်ဖွဲ့စည်း၍  ကျေးရွာလူထုအား ရှင်းလင်းသင့်သည်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြံပြုညွှန်ကြားခဲ့ပြီး ငွေနှင့်ပတ်သက်၍ မကျေနပ်မှုရှိသဖြင့် ဆက်လက်မသုံးစွဲသင့်ကြောင်း၊ ညွှန်ကြား အကြံပြုချက်များအား သက်ဆိုင်ရာဒေသ အာဏာပိုင်ဖြစ်သော မြို့နယ်အုပ်ချုပ်ရေးမှူး များမှ မုဒုံမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာသို့ လမ်းညွှန်၊ ညွှန်ကြားအကြံပြုချက်များအား စာဖြင့်သော်လည်းကောင်း၊ တွေ့ဆုံခေါ်ယူ နှုတ်ဖြင့်ညွှန်ကြား ဆွေးနွေးမှုပြု၍ သော်လည်းကောင်း၊ အကြောင်းကြားညှိနှိုင်းမှု မရှိခဲ့ပါ။ ကျွန်ရွာကျေးရွာမီးလင်းရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရွေးချယ်ခဲ့ရာတွင်လည်း မီးလင်းရေးကော်မတီအပေါ် ငွေကြေးဆိုင်ရာစာရင်းဇယားများ မမှန်ကန်ကြောင်း တိုင်ကြားခဲ့သူများမှ (၃)ဦး၊ (၄)ဦးခန့်သာ စာရင်းရှင်းတမ်းစိစစ်ပြီးမှသာ ကော်မတီဝင် ရွေးချယ်ရေး ကိစ္စ ဆောင်ရွက်ပေးရန်တင်ပြခဲ့မှုအပေါ် ကျန်မီးသုံးစွဲသူ ကျေးရွာသူ၊ ကျေးရွာသား တက်ရောက်လာသူ ရာခိုင်နှုန်းပြည့်နီးပါးမှ တိုင်ကြားသူများ၏ တင်ပြမှုကို သဘောမတူ ကန့်ကွက်ခဲ့ကြပြီး ၎င်းတို့ဆန္ဒအရ ပွင့်လင်းမြင်သာစွာဖြင့် မီးလင်းရေးကော်မတီဝင်များ အား ဆန္ဒပြုရွေးချယ်ခဲ့ပါသည်။ ဆန္ဒပြုရွေးချယ်ခံခဲ့ကြရသူများ မှာလည်း ယခင်မီးလင်းရေး ကော်မတီဝင်အများစုုကိုသာ ပြန်လည်ရွေးချယ်ခဲ့ကြပါကြောင်း၊ စပ်လျဉ်းပြီး တင်ပြလိုတာ ကတော့  ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းရွာမီးလင်းရေးကော်မတီအနေနဲ့ မုဒုံမြို့ က လျှပ်စစ်မီးမချိတ်ဆက်ဘဲ ကျိုက်မရောမြို့တွင်းက ချိတ်ဆက်ဖို့အတွက် မိမိအပါအဝင် ဌာနဆိုင်ရာအနေနဲ့ ကျိုက်မရောမြေပြင်အနေအထားကို စိစစ်မှာဖြစ်ပြီး မီးလင်းရေး ကော်မတီအနေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါကြောင်း၊ တွေ့ဆုံမှုပြုလုပ်တဲ့နေရာမှာလည်း သက်ဆိုင်ရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကိုလည်း မိမိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက် ပေးဖို့တစ်ပါတည်း ဖိတ်ကြားပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကျွန်းရွာမီးလင်းရေး ကော်မတီနဲ့ ပတ်သက်လာရင် ဝန်ကြီးဖြေသွားတဲ့အဖြေအရ မုဒုံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ လမ်းညွှန်ခြင်း၊ ညွှန်ကြား အကြံပြုချက်များ စာဖြင့်သော်လည်းကောင်း၊ တွေ့ဆုံခေါ်ယူ နှုတ်ဖြင့် ညွှန်ကြားမှုသော် လည်းကောင်း၊ အကြောင်းကြားညှိနှိုင်းမှုမရှိခဲ့ပါဟု ဖြေကြား ခဲ့ပါတယ်၊ ဒီကိစ္စသည် မြေပြင်နဲ့လုံးဝလွဲမှားပါကြောင်း၊ မြေပြင်အနေအထားအရ ကွဲလွဲ နေသည့်အတွက်ကြောင့် လျှပ်စစ်မှူးကို ဘယ်လိုအရေးယူဆောင်ရွက်ပေးမလဲလို့ မေးမြန်း ရာ မြို့နယ်လျှပ်စစ် မှူးအနေနဲ့ သူရဲ့ဥပဒေဘောင်အတွင်းကနေကျော်လွန်ပြီး လုပ်ဆောင် ခဲ့မယ်ဆိုရင် လုပ်ဆောင်ခဲ့တဲ့အချက်တွေစာရေးသားပြီး မိမိတို့ပြည်နယ်အစိုးရသို့ တိုက်ရိုက်ပေးပို့ပေးမယ်ဆိုရင် မိမိတို့အနေနဲ့စိစစ်မှုတွေပြုလုပ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါ ကြောင်း၊ မီးလင်းကော်မတီနဲ့သက်ဆိုင်တဲကိစ္စရပ်ကတော့ မိမိကိုယ်တိုင်ဌာနဆိုင်ရာ၊ ဒေသခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကွင်းဆင်းပြီး မီးလင်းရေးကော်မတီကိစ္စကို ပြီးပြတ်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ချက်ဆုံးဖြတ်မှုကို လည်း လွှတ်တော်သို့ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားရာ အစိုးရ ဌာနကို စာရေးပြီးအကြောင်းကြားပါဆိုတာ အဲဒီလိုတွေ ဖြစ်နေလို့ အတည်ပြုချက်လိုချင်လို့ လွှတ်တော်ထဲမှာ ဒီမေးခွန်းမေးတာ ဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ စာပေးပြီးမေးနေဖို့ မလိုပါဘူး၊ ဌာနဆိုင်ရာဒီဝန်ထမ်းသည် ဒီလိုဖြစ်နေပါတယ် ဆိုတဲ့အတွက်ကြောင့် ထိထိရောက်ရောက်အရေးယူပေးဖို့အတွက် ထပ်ဆင့်မေးခွန်း မေးမြန်းရာ အကြောင်းတစ်ခု ဖြစ်ရပ်တစ်ခုကိုတစ်ထိုင်တည်းဆုံးဖြတ်ပြီးသုံးသပ်ပြီး  ဆုံးဖြတ်ချက်ထွက်ဖို့ မဖြစ်နိုင်ပါ ကြောင်း၊ တကယ့်မြေပြင်အခြေအနေအချက်အလက် အားလုံးစုစည်းပြီး ဒီအပေါ်မှာ ဆုံးဖြတ်ချက်ချမှသာလျှင် ဖြစ်သင့်တဲ့အနေအထား ရောက်ရှိမှာဖြစ်ပါကြောင်း၊ ဒါကြောင့် အချက်အလက်စုံလင်ဖို့အတွက် မိမိကိုယ်တိုင်ဌာန ဆိုင်ရာများနှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များပါဝင်ပြီး မြေပြင်အခြေအနေ ကွင်းဆင်းစိစစ်ပြီး ဆုံးဖြတ်မှုပြုလုပ် သွားမှာဖြစ်ပါကြောင်း၊ ဒီဆုံးဖြတ်ချက်ကိုလည်း လွှတ်တော်သို့ပြန်လည်ပေးပို့သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)    ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ မေးမြန်းသော မော်လမြိုင်မြို့နေလူငယ်များအတွက် ဘောလုံးအားကစား လေ့ကျင့်နိုင်ရန် ယခင်သတ်မှတ်ထားသော ဘောလုံးကွင်းစံနှုန်းမီ အလျား(ပေ-၆၀၀)၊ အနံ (ပေ-၅၀၀) မြေနေရာ ပြန်လည်ရရှိရေးအတွက် မည်သို့မည်ပုံ ဖြေရှင်းကူညီ ဆောင်ရွက် ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်း မှမော်လမြိုင်မြို့နယ်ဘောလုံးကွင်းအား အားကစားကွင်းတစ်ကွင်း၏ အင်္ဂါရပ်အတိုင်း အတာ ပြည့်မီနိုင်ရေးအတွက် မြေပြင်အခြေအနေအား အဆင့်ဆင့်ပြန်လည်စစ်ဆေးပြီး ဌာနအမည်ပေါက်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီးမှသာ ဘောလုံးကွင်းအဖြစ် ဖော်ထုတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် မော်လမြိုင်မြို့နယ်ဘောလုံးကွင်းအား အားကစားကွင်း၏ အင်္ဂါရပ်အတိုင်းအတာ ပြည့်မီနိုင်ရေးအတွက် မြေပြင်အနေအထားအခြေအနေအား အဆင့်ဆင့် ပြန်လည်စစ်ဆေးပြီး ဌာနအမည်ပေါက်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပြီးမှသာ ဘောလုံးကွင်းအဖြစ် ဖော်ထုတ်ဆောင်ရွက်နိုင်မည်လို့ ဖြေကြားထားပါကြောင်း ဖြေကြားသွားပါတယ်။ ဒါကြောင့် ယခုတိုင်းတာသည့်အချိန်မှာ (ပေ ၄၀၀xပေ ၂၀၀)  ရှိနေပါသေးတယ်။ နောက်ရှေ့ဆက် (ပေ ၄၀၀xပေ၂၀၀)ပါ ပျောက်သွားမည်ဖြစ်သည့်အတွက် မပျောက်ရအောင် ဘောလုံးကွင်းအင်္ဂါရပ် အတိုင်း အတာပြည့်မီတဲ့ အားကစားကွင်းအဖြစ်ပြည်နယ်အစိုးရမှ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် ရှိပါက အချိန်မည်မျှကြာမည်ကို သိရှိလိုပါကြောင်းမေးမြန်းရာ မြေပြင်အခြေအနေကိုသိရှိဖို့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနပါ ကွင်းဆင်းစစ်ဆေးစေပြီးမှ အဆင့်ဆင့်ပြန်လည်တင်ပြချက်တွေကို မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြပြီး အစိုးရ၏လုပ်ပိုင်ခွင့်ရှိသည့် မြေဟုတ်၊ မဟုတ် စိစစ်ဖို့လိုအပ်ပါတယ်။ အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဖြစ်မှသာလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး ဘောလုံးကွင်းအဖြစ်ဖော်ထုတ်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားရာ ထပ်ဆင့်ဆက်စပ်မေးခွန်းအနေဖြင့် ယင်းမြေကွက်သည် ကျေးရွာပိုင်မြေလွတ်ဆိုတာ မေးခွန်းထဲတွင် ထည့်မေးထားပါကြောင်း၊ ဒါကြောင့် အစိုးရ ပိုင်မြေဟုတ်၊ မဟုတ်ဆိုတာကို စိစစ်စရာမလိုပါကြောင်း၊ ဒါကြောင့် ကျွန်မသိရှိလိုတာက ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ ထပ်မံမေးမြန်းရာ ကျေးရွာပိုင်ဘောလုံးကွင်းအနေ ဖြင့် ကျေးရွာမှ လျှောက်ထားလာသည့် အပေါ်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်ညီပါက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။

(၄)    ဒေါ်မြသိင်္ဂ ီမော် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မုဒုံမြို့နယ်၊ (၂၅)ကုတင်ဆံ့ ဆေးရုံနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်း မှ ဓာတ်မှန်စက်အသစ် ထပ်မံချထား ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သို့ တောင်းခံပြီး ဖြစ်ပါသည်။ မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှူးများမှ ကိုယ်တိုင်တိုက်ရိုက် တောင်းခံထားပြီး ပြည်ထောင်စုဝန်ကြီးမှလည်း အမြန်ဆုံး ချထားပေး မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဓာတ်ခွဲမှူးအဆင့်ရှိပါက ဓာတ်ခွဲမှူးနှင့်ပတ်သက်သော ဓာတ်ခွဲ ပစ္စည်းများ ခွဲဝေပေးနိုင်ပါမည်။ ဝန်ထမ်းအဆင့်နှင့်မလျော်ညီသော ဓာတ်ခွဲပစ္စည်းများ ခွဲဝေချထားခြင်းကို ပြည်ထောင်စုအဆင့်မှ ခွင့်ပြုထားခြင်းမရှိပါ။ ယခုအခါ မုဒုံဆေးရုံတွင် ရောဂါပိုးစစ်ဆေးခြင်း (Screening Tests) များနှင့်ပတ်သက်၍ သွေးလှူရှင်များ (Donars) အတွက် (HBs Ag, HCV Ab, HIV) စစ်ဆေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် (PMCT) စစ်ဆေးခြင်းများ၊ ဆေးရုံတက်ရောက်သော မွေးဖွားလူနာများနှင့် ခွဲစိတ်လူနာများ အား အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ မုဒုံမြို့နယ်ဆေးရုံအား (၂၅)ကုတင်ဆံ့ဆေးရုံမှ (၅၀)ခုတင်ဆံ့ဆေးရုံသို့ အဆင့်တိုးမြှင့်ပေးနိုင်ပါရန် တင်ပြထားပါသည်။ ဆေးနှင့် ဆေးပစ္စည်းများအား အခမဲ့ရရှိနိုင်ပါသည်။ အခြားဆေးနှင့် ဆေးပစ္စည်းများအား အသုံးပြု လိုအပ်ပါက ပြင်ပမှဝယ်ယူရပါသည်။ ဆေးရုံပတ်သက်သော  အချက်အလက်များကို မြို့နယ်ဆရာဝန်ကြီးထံတွင် လူနာနှင့်ပတ်သက်သော အခြားလျှို့ဝှက်ချက်မှ အပ အချိန် မရွေးတောင်းခံနိုင်ပါသည်။ သို့ဖြစ်ပါ၍ မုဒုံမြို့နယ်ဆေးရုံတွင် မွေးလူနာများကိုမွေးဖွာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုအခမဲ့ဆောင်ရွက်ပေးပါကြောင်းနှင့် လူနာများမှ မိမိတို့၏ သဘောဆန္ဒဖြင့်သာ အလှူငွေထည့်ဝင်ခြင်းများရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဆေးရုံတွင် ဓာတ်ခွဲစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေး ခြင်းများကို အခမဲ့ဆောင်ရွက်ပေးပါသည်ဟု ဝန်ကြီးမှဖြေကြားသွားတာကို သိရှိရပါတယ်။ အခမဲ့ဆောင်ရွက်ပေးနေတယ်ဆိုတာ လက်ရှိပြင်ပမှ ရှိတဲ့လူနာတွေရဲ့ တိုင်ကြားချက်အရ စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဆေးရုံအုပ်ဆရာဝန်ကြီးနှင့်သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံ တဲ့အခါတွင် အပြင်မှာလည်းဝယ်ပြီး သုံးရတာဘဲ၊ ဒီမှာလည်း ဝယ်ပြီးသုံးရတာဘဲ၊ ဝယ်ပြီးသုံးရတဲ့အခါမှာ အပြင်မှာဝယ်ပြီးသုံးရတာထက်ကို ငွေအနည်းငယ်မျှသာ ပိုပြီး ပေးရပါတယ်။ အပြင်မှာဝယ်ပြီး မသုံးဘဲနှင့်ဒီမှာ တစ်ခါတည်း တစ်ဆက်တည်းဘဲ သုံးမယ်ဆိုရင် ပိုပြီးအဆင်ပြေတာကြောင့် ငွေကြေးအနည်းငယ်မျှသာ ပိုပေးပြီးစစ်ဆေးမှု တွေ ပြုလုပ်နေရပါတယ်လို့ မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် ပြောကြားခဲ့ကြောင်း၊ ဒီလိုမျိုး လုပ်နေခဲ့ခြင်းကိုလည်း ဘယ်လိုမျိုးဆောင်ရွက်ပေးမလဲ၊ အရေးယူမှုပြုလုပ်ပေးမလဲဆိုတာ သိလိုကြောင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး လျှို့ဝှက်ချက်နှင့်ပတ်သက်ပြီး တောင်းဆို ခဲ့ခြင်းမဟုတ်သည့်အတွက် ပေးရမည့်တာဝန်ရှိသည့်အတိုင်း မပေးဆောင်တာကို မည်သို့ ဆောင်ရွက်အရေးယူမှုပြုလုပ်ပေးမည်ဆိုတာသိရှိလိုကြောင်း၊ မိမိသဘောဆန္ဒမဟုတ်ဘဲ ငွေကြေးတောင်းခံခြင်းသည် တရားဝင်မဟုတ်တာသိရကြောင်း၊ ဒါကြောင့်အလှူခံကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုပြုလုပ်ပေးမလဲ ဆိုတာ သိရှိလိုကြောင်းမေးမြန်းရာ ဌာနအနေဖြင့်စုံစမ်းစစ်ဆေးပြီး အစိုးရအဖွဲ့သို့ တင်ပြ ၍ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုသို့ ထပ်မံတင်ပြကာ ပြည်ထောင်စုမှ ဆုံးဖြတ်ချက် ကိုလွှတ်တော်သို့ ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

 (ခ)   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တို့မှ ဆွေးနွေးခြင်း၊ ၊

(ဂ)    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော်မှ  အတည်ပြုခြင်း၊

(ဃ)   မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍  အမည်စာရင်းတင်သွင်းထားသော ဒေါ်ခင်မျိုးမြင့်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရော မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ တို့မှ ဆွေးနွေးခြင်းနှင့်  အစီရင်ခံစာ တင်သွင်းသည့် မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးခြင်း၊

(င)    မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်မှ သဘောထား ရှင်းလင်းတင်ပြခြင်းနှင့်   ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊

၃။       အစည်းအဝေးကို  မွန်းလွဲ (၁၃) နာရီ (၂၅) မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကျင်းပမည့်ရက်ကို(၂၄-၉-၂၀၁၈)ရက် (တနင်္လာနေ့) နံနက်(၁၀) နာရီ တွင် ဆောင်ရွက်ပါမည်။