4072

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၇  )ဦး တက် ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မီးထောင်ချောက်နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ညွှန်ကြားချက်တစ်စောင်ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မီးရောင်ထောင်ချောက်ထွန်းညှိ၍ ပိုးမွှားကာကွယ်ခြင်းလုပ်ငန်းကို မြို့နယ်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပါက ပိုမိုထိရောက်မည်ဖြစ်ပါသည်။ မီးထောင်ချောက်ထွန်းညှိရာတွင် တောင်သူအားလုံး ပါဝင်နိုင်ရန် ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အား တင်ပြ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာနမှ သုံးစွဲခဲ့သော ဘဏ္ဍာငွေများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး  (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော် က နှစ်စဉ် (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ) သုံးစွဲခဲ့သည့် အရပ်ရပ်သော ဘဏ္ဍာရန်ပုံငွေနှင့်တိုးချဲ့တည်ဆောက်ခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကြောင့် မီးသုံးသူဦးရေတိုးတက်လာမှု အခြေအနေများအား နောက်ဆက်တွဲ (က)ဖြင့် တင်ပြအပ်ပါသည်။ နှစ်စဉ် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခဲ့သလို ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအား ထိန်းသိမ်းပြုပြင်ခြင်း၊ အစားထိုးပြုပြင်ခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ဗို့အားများအတော်သင့်ပြည့်ဝခဲ့သလို  ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းများလည်း အသင့်အတင့်ကျဆင်းခဲ့ပါကြောင်း နောက်ဆက်တွဲ(ခ)ဖြင့်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း အနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀(သို့) ၂၀၂၀-၂၀၂၁ ပြည်ထောင်စုသတ်မှတ်ထားသည့်အနည်းဆုံးရှိရမည့် Unit losses ရာခိုင်နှုန်း အထိဖြစ်ပေါ်စေရေးအတွက် ဓာတ်အားပျောက်ဆုံးလေလွင့်မှု အနည်းဆုံး စီစဉ်ဆောင်ရွက် သွားရန်အစီစဉ်ရှိ/မရှိမေးမြန်းရာ မိမိတို့အစိုးရအနေဖြင့် Unit losses အမြန်ဆုံး လျော့နည်းပပျောက် သွားအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် မီးမလင်းသေးသော ကျေးရွာများကို ရရှိရေးဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)    ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ လက်ဝယ်၌ရှိသော လိုင်စင်မဲ့ ဆိုင်ကယ်များအား ဒေသတွင်းလိုင်စင် MON အက္ခရာနံပါတ်ဖြင့် လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မှတ်ပုံတင်မဲ့လိုင်စင်များအား ONE STOP SERVICE (OSS) ဖြင့် မှတ်ပုံတင်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးမည့် အချိန်ကာလကိုလည်းကောင်း မြို့နယ်များတွင် ဆောင်ရွက်ပေးမည့် နေရာများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် အမျိုးအစားအလိုက် ထုတ်လုပ်သည့်နိုင်ငံ၊ ခုနှစ်ပုံစံ၊ အင်ဂျင်ပါဝါအုပ်စုခွဲ၍ သတ်မှတ် ထားသော အခွန်နှုန်းထားများကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လိုအပ်ချက် များနှင့် မိသားစုဝင်ကိုယ်တိုင် ဆောင်ရွက်စေရန်လည်းကောင်း၊ နောက်တွင် မှတ်ပုံတင်မဲ့ ယာဉ်များ အသုံးပြုပါက ဥပဒေအရယာဉ်ကို နိုင်ငံတော်ဘဏ္ဍာသိမ်း၍ စီးနင်းသူကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း၊ ကြိုတင် အသိပေးချက်ကိုလည်းကောင်း၊ ယခုမှတ်ပုံတင် သော ဆိုင်ကယ်များသည် ဒေသအမှတ်ဖြစ်သဖြင့် မွန်ပြည်နယ်အတွင်းသာ သွားလာနိုင် ကြောင်းကိုလည်းကောင်း၊ သက်ဆိုင်ရာရုံးများ၊ မီဒီယာများ၊ လူမှုကွန်ယက်များတွင် အများပြည်သူသိရှိစေရန် ကြိုတင်အသိပေးကြေညာသွားမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဆိုင်ကယ်တစ်စီးချင်းစီးသတ်မှတ်ထားသော နှုန်းထား သိလို ကြောင်းမေးမြန်းရာ နိုင်ငံအလိုက် Model အလိုက် သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ ယာဉ်တန်ဖိုးနှင့် ဒဏ်ကြေးသတ်မှတ်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းစီမံချက်လုပ်ရန် ခွင့်ပြုချက်ရသည်နှင့် အစည်းအဝေးပြုလုပ်ပြီး ဆိုင်ကယ်တစ်စီးချင်းအလိုက် တန်ဖိုးဘယ်လို သတ်မှတ်မည်ကို အတိအကျရှင်းလင်းတင်ပြနိုင်မည်ဖြစ်ပြီး ဒေသအလိုက်ပေါက်ဈေး၅၀% သတ်မှတ်ပြီးဒဏ်ကြေးကောက်ခံခြင်းသည် ဥပဒေအရဆောင်ရွက်သည့်အပိုင်းဖြစ်ပြီး ပြည်သူလူထုအတွက် ဖြေလျော့ပေးရန်ကိစ္စသည် သီးခြားအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယာဉ်တန်ဖိုးနှင့် ဒဏ်ကြေးသတ်မှတ်ရေးအဖွဲ့အနေဖြင့်သော်လည်းကောင်း အစိုးရအဖွဲ့ ထံသို့တင်ပြပြီး ဘယ်လိုညှိနှိုင်းဆောင်ရွက်ပေးမလဲဆိုတာ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(၄)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော ငါးလုပ်ငန်းဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့်ပတ်သက်ပြီး နည်းဥပဒေ ရေးဆွဲထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စပ်လျဉ်း၍  စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည်နယ်အစိုးရအဖွဲ့မှ မွန်ပြည်နယ် ငါးလုပ်ငန်းနည်းဥပဒေမူကြမ်းအား စိစစ်ပြီး ဥပဒေအကြံပြုချက်ပေးနိုင်ပါရန် (၁၈.၁.၂၀၁၉) ရက်စွဲပါစာအမှတ် ၊ ၃၀၀/ ၁- ၃၄/ အဖရ (မွန်) (၁၃၁၄)ဖြင့် ပြည်နယ်ဥပဒေချုပ်ရုံးသို့ တင်ပြထားပါကြောင်း ဖြေကြားပါသည်။

(၅)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ မေးမြန်းသော ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အိုးလုပ်ငန်း တောင်သူများအတွက် အိုးလုပ်ငန်းမြေ တရားဝင်တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် နှင်းပုလဲ ကြာအင်းမြေမှ အစိတ်အပိုင်းကို အင်းမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိ လိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စပ်လျဉ်း၍  စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)၊ ဆုံးဖြတ်ချက်အပိုဒ် (၃)၊ အပိုဒ်ခွဲ(က)အရ အိုးလုပ်ငန်း လုပ်ကိုင်နေ သူများအတွက် အိုးလုပ်ငန်းသုံးမြေတူးဖော်မည့် အမှန်တကယ်လိုအပ်သည့် ဧရိယာ အတိုင်းအတာအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ကွင်းဆင်းတိုင်းတာစီစစ်ခြင်းနှင့် လိုအပ်မည့်မြေပမာဏ အင်းအစိတ်အပိုင်းကို မြေပုံရေးဆွဲကာ ငါးလုပ်ငန်းဦးစီးဌာန၊ အိုးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။

(၆)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသောမော်လမြိုင် ရတနာမြိုင် လေးထပ်ဈေး ပြုပြင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ၂၀၀၈၊ ၂၀၀၉ခုနှစ်ခန့်က စက်လှေကား၏ Floor Belt ပျက်စီး၍ ပြုပြင်စရိတ်ကျပ်သိန်း (၆၀)အား GAme City မှ အကုုန်အကျခံဆောင်ရွက်ခဲ့ပြီး  Handrial Belt ပျက်စီးချိန်၌ ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ် ကျပ်သိန်း(၁၂၀)အား ကျခံပြုပြင်ရန်အခက်အခဲကြောင့် ယနေ့အထိ ရပ်နားခဲ့ခြင်းဖြစ်ပါသည်။ စက်လှေကားပြန်လည်ပြုပြင်ရန်အတွက် မူလဝယ်ယူခဲ့သည့် LG ကုမ္ပဏီနှင့် ဆက်သွယ်၍ ပြန်လည် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အခြားပြင်ဆင်မွမ်းမံရန် လိုအပ်သည့် နှစ်ထပ်ဈေး Sunshade များပြုပြင်ခြင်း၊ လေးထပ်ဈေးအမိုးပြုပြင်ခြင်း၊ ဈေးများဆေးသုတ်ခြင်းနှင့် ဈေးရှေ့ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ဈေးအပြင်  Car Parking ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား တင်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၇)    ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်) ကျောင်းနှင့် အပလွိုင်းကြီးကျေးရွ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့အား ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းငယ် ဥပဓိရုပ်မကောင်းသော (ယာယီ) ကျောင်းဆောင်အား ဖျက်သိမ်း၍ (၉၀’ x ၃၀’) Streel structure (၁)ထပ်ကျောင်းဆောင် (၁)ဆောင်ကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် နိုင်ရန် လျာထားတင်ပြထားပြီး ဖြစ်ကြောင်းနှင့် ရေးမြို့နယ်၊ အပလွိုင်းကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်လည်း ယာယီကျောင်းဆောင်ကို ဖျက်သိမ်း၍ (၉၀’ x ၃၀’) Streel structure (၁)ထပ် ကျောင်းဆောင် (၁)ဆောင်ကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

(ခ)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တင်သွင်းသော “မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း “တိုက်တွန်းသည့်အဆို  ကို အမည်စာရင်းတင်သွင်းထားသော ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပအိုဝ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စံဝင့်ခိုင်တို့မှ ထောက်ခံဆွေးနွေးပြီး လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အဆိုရှင်မှ ပြန်လည်ဆွေးနွေးခြင်း။

(ဂ)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တင်သွင်းသော “မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ဘွဲ့ရပြီးသောလူငယ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း “တိုက်တွန်းသည့်အဆို  သဘောထားကွဲလွဲမှုရှိသည့်အတွက် ဗြောင်မဲခွဲဆုံးဖြတ်ရာ အတည်ပြုရန်ထောက်ခံသူ (၁၂)ဦး၊ မှတ်တမ်းတင်ရန် ထောက်ခံသူ(၈)ဦး၊ ကြားနေမဲ(၆)ဦးဖြစ်သည့်အတွက်  ပြည်နယ်လွှတ်တော်မှ အဆိုအား အတည်ပြုကြောင်း ကြေညာခြင်း

၃။       အစည်းအဝေးကို  နေ့လည် (၁၂ )နာရီတွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၂၇.၂.၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။