ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၂)ကြိမ်ပုံမှန်အစည်းအဝေး ဒုတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၇ )ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်နှင့် အောက်ကျင်းရပ်ကွက် (၂)ခုကို ဖြတ်သန်းဖောက်လုပ်ထားသည့် မီးလောင်ပြင်လမ်းမကြီး ကို ကွန်ကရစ်လမ်းအပြီးသတ်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မွန်ပြည်နယ်တရားလွှတ်တော်ချုပ်ရုံးအရှေ့၊ အရှေ့မီးလောင်ပြင်ရပ်ကွက်ရှိ တရား လွှတ်တော်ချုပ်ရုံးလမ်းအား မြို့ပေါက်ဝမှ လူနေအိမ်ခြေများရှိရာ ကူးဆိပ်ကျောင်းလမ်းဆုံ အထိ (၁၅၀၀’ x ၁၈’x ၉”) ကွန်ကရစ်လမ်းခင်းထားပြီး ဖြစ်ပါသည်။ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်း (၃၆၀၀’) ၌ ကွန်ကရစ်လုပ်ငန်းစက်ရုံများနှင့် မြစ်သဲ၊ ကျောက်စရစ်လုပ်ငန်းရှင်များရှိပါသဖြင့် အဆိုပါလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကိုယ့်အား ကိုယ်ကိုးဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၂) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာ၊ အမှတ်(၇)ရပ်ကွက်တွင်ရှိသော တယ်လီနောဖုန်းတာဝါတိုင်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာ၊ အမှတ်(၇)ရပ်ကွက်တွင်ရှိသော Apollo Toowers Myanmar Limited ဖုန်းတာဝါတိုင်သို့ လျှပ်စစ်မီးရယူမည်ဆိုပါက ကျွဲခြံကျေးရွာမှ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော (၁၁)ကေဗွီဓါတ်အားလိုင်းမှ တဆင့် (၁၁)ကေဗွီ ဓါတ်အား လိုင်း(၈၀၀)ပေနှင့် ၁၁/ဝ.၄ကေဗွီ ၅၀ ကေဗွီအေ ခွဲရုံ (၁)ရုံတို့ တည်ဆောက်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားရယူရေးအတွက် မုတ္တမမြို့လျှပ်စစ်ဓာတ်အား အင်ဂျင်နီယာမှ Apollo Toowers Myanmar Limited ကုမ္ပဏီသို့ ညှိနှိုင်းအကြောင်း ကြားစာပေးပို့ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စောလျင်စွာ Apollo ညွှန်ကြားချက်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ လွှတ်တော်အစည်းအဝေးပြီးတာနဲ့အမြန်ဆုံး ကုမ္ပဏီတာဝန်ခံ နှင့် တွေ့ဆုံခြင်း၊ စာပေခြင်းနှင့်ဒီကိစ္စကို အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မုဒုံမြို့နယ်အတွင်းရှိစားကျက်မြေများနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မုဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၄၂)အုပ်စုအနက် စားကျက်မြေတည်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု(၃၂)အုပ်စုတွင် မူလစားကျက်မြေတည်ရှိမှုဧရိယာမှာ (၈၃၂၃)ဧက ဖြစ်ပြီး တရားဝင်ပယ်ဖျက်ခွင့်ရရှိပြီး စားကျက်မြေဧရိယာမှာ (၄၂၉၆)ဧကဖြစ်၍ စားကျက်မြေကျန်ရှိမှုဧရိယာမှာ (၄၀၂၇)ဧကကျန်ရှိပါသည်။ ကျန်ရှိဧရိယာများအပေါ် ကျူးကျော်အသုံးပြုမှုအနေဖြင့် စပါးစိုက်ပျိုးထားရှိမှုဧရိယာ (၄၁၇)ဧက၊ ဥယျာဉ်ခြံအဖြစ် အသုံးပြုမှုဧရိယာမှာ (၃၂၅)ဧက၊ ရော်ဘာစိုက်ပျိုးထားရှိမှုဧရိယာမှာ (၂၁၀၀)ဧက၊ ဓနိစိုက်ပျိုးထားရှိမှုဧရိယာ(၁)ဧကနှင့် အခြားနည်းအသုံးပြုမှုဧရိယာမှာ (၄၁၂)ဧကဖြစ်၍ စုစုပေါင်းကျူးကျော် အသုံးပြုထားရှိမှုဧရိယာမှာ (၃၂၅၅)ဧကဖြစ်၍ အမှန်ကျန်ရှိ စားကျက်မြေဧရိယာမှာ (၇၇၂)ဧက ဖြစ်ပါကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု တစ်ခုချင်းအလိုက်တင်ပြအပ်ပါသည်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူရုံးမှ စားကျက်မြေ ကျူးကျော်မှုများနှင့် ပတ်သက်၍ အရေးယူနိုင်ရန် ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်သတိပေးခြင်း၊ တတိယအကြိမ် သတိပေးခြင်းများဆောင်ရွက် သွားမည် ဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးကျော်မှုရှိပါက (၁၈၇၆)ခုနှစ်၊ မြန်မာနိုင်ငံတော် (အောက်ပိုင်း) မြေယာနှင့် အခွန်တော်လက်စွဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ယခုလက်ရှိကျူးကျော်ထားတဲ့မြေ ဘယ်လိုပုံစံနဲ့လုပ်ကိုင်ဆောင်ရွက်ပေးမည်နှင့် ရှိသည့် စားကျက်မြေများကို တော်ကူး၊ တံခွန်တိုင် ၊ ကြာကန်အင်းကဲ့သို့ စားကျက်မြေ ကွင်းအမှတ်အလိုက် ဘယ်နေရာ၊ ဘယ်အထိကျယ်ဝန်းသည်ဆိုတဲ့ အတိအကျကို ဆိုင်းဘုတ်တွင် စိုက်ထူပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းရာ စားကျက်မြေသည် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ စီမံကြီးကြပ်သည့် မြေအမျိုးအစားဖြစ်ပါကြောင်း အစိုးရအဖွဲ့ကိုယ်စားစီမံကြီးကြပ်သည့် မြေအမျိုးအစားပါကြောင်းနှင့် ထို့ကြောင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏သဘောထားရယူပြီး ဖြေကြားမည်သင့်ပါကြောင်း၊ ဆိုင်းဘုတ်စိုက်ထူပြီး ကျန်ရှိသည့်စားကျက်မြေဧရိယာများကို ပြည်သူများသိရှိနားလည်ရန် အစိုးရအဖွဲ့သို့တင်ပြပြီး ခွင့်ပြုပါကဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၄) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ မေးမြန်းသော မော်လမြိုင်မြို့၊ ကတိုး၊ ကော့နှပ်၊ ဖဲထော်လမ်းအား အမြန်ဆုံးတိုးချဲ့ ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း(၁၃)ရွာကို ဆက်သွယ်ထားသော ဦးနာအောက်လမ်း(ကတိုး၊ ကော့နှပ်၊ ဇာသပြင်)၏ ပျက်စီးနေသော လမ်းပိုင်း(၃)မိုင် ၂ဖာလုံအား မြေပြင်ကွင်းဆင်းစိစစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေတွင် လျာထား၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်းဖြေကြားပါသည်။
(၅) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ရေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ တာဝန်ယူ၊ တာဝန်ခံမှုနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ရေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘီးကောက်ဂိတ်(၁)ဂိတ်စီ၌ ကြီးကြပ်ဝန်ထမ်း(၁)ဦး၊ ဘီးကောက်ခံသည့် ဝန်ထမ်း(၁) ဦး တို့မှ ဒေသပုတ်ပြတ်လုပ်သား(၂)ဦးတို့နှင့်အတူ ဘီးကောက်ကောက်ခံရာတွင် စနစ်တကျ ရှိစေရေး၊ ကောက်ခံသူများမှ ပြည်သူများနှင့်ဆက်ဆံရာတွင် ကိုယ်နှုတ်အမူအရာပြေပြစ်၊ ယဉ်ကျေးမှုရှိရေးအတွက် ထိရောက်စွာသတိပေး၍ နေ့စဉ်စိစစ်ကြပ်မတ်လျက်ရှိပါသည်။ မလိုလားအပ်သော ဖြစ်စဉ်များထပ်မံမဖြစ်ပေါ်စေရေးအတွက် အထူးအလေးထား၍ တာဝန် ရှိသူအဆင့်ဆင့်မှ တာဝန်ခံကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ကားအားမတော်တဆထိမှန်ခြင်းမဟုတ်ဘဲ ဆဲရေးတိုင်းတာပြီးမှ Intentionally ရည်ရွယ်ချက်ရှိရှိ ကန်ကျောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းအရ ပုတ်ပြတ်ဝန်ထမ်းအား အရေးယူဆောင်ရွက်ခဲ့တယ် ဆိုသည့် အချက်အလက်ပဲပါပါတယ်။ နိုင်ငံတကာတွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများ၏ အလေ့အထအနေနဲ့ တစ်ခုခုကျူးလွန်မှားယွင်းခဲ့တယ်ဆိုရင် ကျွန်တော်တို့ Totally Apology ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးနဲ့ ဌာနအနေနဲ့ အခုဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့အပေါ်မှာ မွန်ပြည်နယ်လွှတ်တော်ပဲဖြစ်ဖြစ်၊ ရေးရာကော်မတီဘဲဖြစ်ဖြစ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး Totally Apology ပေးပို့အစီအစဉ်ရှိ/မရှိကို မေးမြန်းရာ သက်ဆိုင်ရာ ဝန်ထမ်းအဆင့်ဆင့်စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာစံနှုန်းအရ သက်သေအထောက်အထားဖြစ်ရှင်းလင်းရမည် ဖြစ်သည့်အတွက် ဒီကိစ္စပေါ်တွင်ပြန်လည်ဖြေကြားဖို့ ခက်ခဲပါကြောင်း၊ သက်ဆိုင်ရာ ကြီးကြပ်ဝန်ထမ်းတွေအနေနဲ့ စဉ်ဆက်မပြတ်ကြီးကြပ်နိုင်သည်ကိုသာလျှင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ၊ အဆင့်လိုက်အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါခဲ့ပါသည်။
(၆) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ ဘီးလင်းမြို့နယ်လမ်းပိုင်းရှိ ရွှေသံလွင် တိုးလ်ဂိတ်နှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ရန်ကုန်-မြိတ်လမ်း၊ မိုင်တိုင်(၁၂၇/၃)ရှိ ဘီးလင်းတိုးလ်ဂိတ်အား မိုင်တိုင်(၁၁၆/၂)နှင့် (၁၁၆/၃)ကြား၊ သံတံတားကျေးရွာရှိ ကုမ္ပဏီအခြေစိုက်စခန်း(တောင်စွန်းစခန်းခွဲ)၏ အရှေ့မျက်နှာစာလမ်းနယ်နိမိတ်အတွင်း ပြောင်းရွှေ့တည်ဆောက်ရန် မြေနေရာထပ်မံရွေးချယ်ထားမှုအား ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားနှင့်အတူ လမ်းဦးစီးဌာန၏ (၅-၂-၂၀၁၉)ရက်စွဲပါစာဖြင့် ညွှန်ကြားရေးမှူးချုပ်၊ လမ်းဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြထားပါကြောင်းနှင့် ပြောင်းရွှေ့တည်ဆောက် ခွင့်ပြုပါက အမြန်ဆုံးပြောင်းရွှေ့တည်ဆောက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၇) ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ မေးမြန်းသော မော်လမြိုင်မြို့၊ ကမ်းနားလမ်း၏ လူသွားစင်္ကြ ံ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်ထားသော နဒီလှိုင်းစားသောက်ဆိုင်နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ကမ်းနားလမ်း သိပ္ပံလမ်းထိပ်မှ သံလွင်ဈေး၊ ညောင်လေးပင်ချောင်းအထိ သံလွင်မြစ် ဘက်ခြမ်း၊ (၅)ဖာလုံရှည်လျားသည့်အပိုင်း၌ မြေကွံျကျခြင်းကြောင့် ပလက် ဖောင်းများ ပျက်စီးနေခြင်းအား ပြန်လည်ပြုပြင်ရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂-၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေရရှိပြီး ဖြစ်ပါ၍ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နဒီလှိုင်းစားသောက်ဆိုင်မှာ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ခန့်မှစ၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးနှင့် နှစ်စဉ်စာချုပ်ချုပ်ဆို ဖွင့်လှစ်လာသည့်ဆိုင်ဖြစ်ပါသည်။ လူသွားစင်္ကြန်ပလက်ဖောင်းပေါ်တွင် (၈)ပေခန့် ကျူးကျော်နေခြင်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) မွန်ပြည်နယ် စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း စစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာကို ဒေါ်သိန်းသိန်းဦး၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ တင်ပြခြင်း နှင့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂၁ -၂-၂၀၁၉) ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) အဆို (၁)ခုတင်သွင်းခြင်း
“မွန်ပြည်နယ်အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း( CBT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် “တိုက်တွန်းကြောင်းအဆို ကို ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၂၁ -၂-၂၀၁၉) ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊
၃။ အစည်းအဝေးကို နေ့လည် (၁၂ )နာရီ(၁၅ ) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပမည့်ရက်ကို (၂၂-၂-၂၀၁၉)ရက် (သောကြာနေ့) နံနက် (၁၀) နာရီတွင် ဆောင်ရွက်ပါမည်။






