3836

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

 (က)  ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ ထရန်စဖော်မာအား ဝန်အား ခံနိုင်ရည်ရှိသည့် မီးကြိုးလဲလှယ်ပေးရန်နှင့် မီးကြိုးမီးတိုင်မရှိသော မြို့မ(၁)ရပ်ကွက်တွင် မီးကြိုးသွယ်တန်းပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော်က မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်းလမ်းတွင် ၂၀၁၈ခုနှစ်၊ Mini Budget ဖြင့် ၁၁ ကေဗွီလိုင်းပေ (၈၀၀)နှင့် ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ခွဲရုံ (၁)ရုံ တည်ဆောက်တပ်ဆင်ထားပြီ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျန်ရှိတဲ့ ဓာတ်အားလိုင်းအရှည် (၂၅၂၅)ပေအား လာမည့် ၂၀၁၈ RE တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ ဥယျာဉ်လမ်းတွင် ယခင်ကအိမ်များမရှိဘဲ ခြံမြေများသာဖြစ်သဖြင့် နောက်ပိုင်းမှအိမ်ယာ ကွက်များဖော်ပြီး လူနေအိမ်များဆောက်လုပ်နေထိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းမှာ ရှိတဲ့ အိမ်ခြေ(၆၀)ကျော်သည် တရားဝင်နေထိုင်ခွင့်ရရှိပြီးတဲ့  အိမ်ခြံမြေဖြစ်ပါက မိမိတို့လျှပ်စစ်ဌာနအနေဖြင့် တပ်ဆင်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။

(၂)    ဦးမင်းအောင်မွန် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ကျိုက်မရောမြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၂)မှ မေးမြန်းသော ကျိုက်မရောမြို့နယ်၊ မိကသစ်နှင့်လေးအိမ်စုရွာကို ဆက်သွယ် ထားသော ကွန်ကရစ်တံတား(၂)စင်း အမြန်ဆောက်လုပ်ပေးရန်   အစီအစဉ်ရှိ၊ မရှိ သိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာနှင့်လေးအိမ်စုကျေးရွာတို့၏ အဓိကကျသော လမ်းပေါ်ရှိသံကူကွန်ကရစ်တံတား(၂)စင်းသည် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေး နှစ်ရန်ပုံငွေလျာထားမှုတွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ပါသော် လည်း၂၀၁၈-၂၀၁၉ဖွံ့ဖြိုးရေးရန်ပုံငွေမှာဦးစားပေးအစီအစဉ်နဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့မှာ တင်ပြတောင်းခံပြီး အခြေအနေပေးမယ်ဆိုလျှင်အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းဖြေကြားပါသည်။

(၃)    ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ မေးမြန်းသော ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ”ဖားအင်း” ဟုအမည်တွင်သည့် ကွင်းအမှတ်(၁၁၂၅)၊ ကွမ်တိုးကွင်း၊ ဧရိယာ(၈.၁၅)ဧက အနက်မှ ကျန်မြေအား ရေးမြို့၊ ပြည်သူ့ပန်းခြံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီ လမ်းမကြီးပေါ်ရှိ ”ဖားအင်း” ဟုအမည်တွင်သည့်မြေကွက်လပ်(၈)ဧက ကျော်ဖြစ် တဲ့အချိန်မှာ ကျန်တဲ့လူမှုရေးရုံးဆောက်လုပ်ပြီးတဲ့အချိန်မှာ ပန်းခြံအတွက် (၆)ဧက ကျော်ကျန်မယ်လို့ ကိုယ်စားလှယ်ကကြားသိရတဲ့အတွက် အားတက်မိကြောင်း၊ ပန်းခြံ ဖြစ်နိုင်ဆုံးသည် စည်ပင်သာယာရေးအလုပ်သင့်ဆုံးကိစ္စဖြစ်သည့်အတွက် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉တွင် လျာထားနိုင်ခြင်း မရှိသည့်အတွက် ၂၀၁၈-၂၀၁၉ဖွံ့ဖြိုးရေး ရန်ပုံငွေ ပြည်နယ်အစိုးရသို့ တင်ပြတောင်းခံပြီး အလုပ်သင့်ဆုံးပထမဦးစားပေး အကြိုအင်ဂျင်နီယာလုပ်ငန်း၊ မြေလက်ဝယ်ရရှိရေး၊ ခြံစည်းရိုးကာရံရေးစသည့် လုပ်ငန်းကို ရှိတဲ့စက်ယန္တရား အရံရန်ပုံငွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေမြောင်းသာမာန်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းကနေပြီး အတတ်နိုင်ဆုံးရန်ပုံငွေကိုကြပ်မတ်ပြီး ဦးစားပေးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၄)    ဒေါက်တာခင်နိုင်ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက် များတွင် လျှပ်စစ်မီးတက်လိုက်၊ ကျလိုက် အကြိမ်များစွာဖြစ်နေခြင်း၊ အရည်အသွေးမီ သော လျှပ်စစ်မီးတိုင်များလဲလှယ်ခြင်းကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့် ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး (ပူးတွဲတာဝန်) ဦးဝဏ္ဏကျော်က ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်၏ လိုအပ်ချက်ကို လာမည့်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ စက်တင်ဘာလထိလျာထားဘတ်ဂျက်တွင် ပါရှိပြီးဖြစ်ပါကြာင်း၊ ကန်သာယာရပ်ကွက်(၇)နှင့် ရပ်ကွက်(၈)လမ်းပိုင်းဗိုလ်တေဇ၊ ဘိုးရာဇာ၊ ဆရာစီရပ်ကွက်များကို လက်ရှိပြည်နယ်ဘတ်ဂျက်နှင့်လျှပ်စစ် လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ တစ်ပြည်လုံး အနေဖြင့် (၁၀)ဘီလီယံကျော် လျာထားပါကြောင်း၊ ဘီးလင်းမြို့နယ်အတွက်လည်း (၁.၁)ဘီလီယံကျော်လျာထားပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကန်သာယာရပ်ကွက်(၇)နှင့် ရပ်ကွက်(၈)လမ်းပိုင်းဘိုတေဇ၊ ဘိုးရာဇာ၊ ဆရာစီရပ်ကွက်များကျန်ရှိနေတာတွေ့ရှိရပါကြောင်း လာမည့်နှစ်တွေမှာ ဘီးလင်းမြို့နယ် သာမက အခြားမြို့နယ်များကို ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။ ဘောလုံးအားကစားကွင်းသည် ပြီးခဲ့သည့်နှစ်က သိန်း (၁၈၀၀)ကျော် တည်ဆောက်ထားသည့်ကွင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မြေပြင်ကွင်းဆင်းပြီး ကုန်ကျစရိတ်အနည်းဆုံးနှင့်အထိရောက်ဆုံးနည်းလမ်းတစ်ခုကို အလျှင်အမြန်ရှာဖွေ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။

(၅)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ဆားထုတ်မြေများအဖြစ် ဥပဒေအရသတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်း နှင့်စပ်လျဉ်း၍  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဒေါက်တာ မင်းကြည်ဝင်း ကမွန်ပြည်နယ်ဆားလုပ်ငန်းကော်မတီအနေဖြင့် ဥပဒေတွင်ပြဋ္ဌာန်း ထားသော အခန်း(၂)ရည်ရွယ်ချက်များ၊ ပုဒ်မ(၃)(ဂ)အရ ပြည်နယ်အတွင်း ဆား ထုတ်လုပ်မှုကို စဉ်ဆက်မပြက်ဆောင်ရွက်ခဲ့သော ဆားကွင်းများအား ဆားထုတ်မြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေး ကူညီဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆားထုတ်မြေအဖြစ် သတ်မှတ်ဖို့ ဥပဒေပုဒ်မ၂၇ အရသော်လည်းကောင်း၊ နည်းဥပဒေပုဒ်မ ၃၅အ၇သော်လည်း အစိုးရအဖွဲ့သည် ပြည်နယ်အတွင်းဆားထုတ်လုပ်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် ဆားကွင်းများအား ဆားထုတ်လုပ်ခွင့်လိုင်စင်ထုတ်ပေးရေးအတွက် ဆားထုတ်မြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်း၊ နည်းဥပဒေမှာလည်း ဒီအတိုင်း ပြဋ္ဌာန်း ထားပါကြောင်း၊ ပြည်နယ်အစိုးရသည် ဆားထုတ်မြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင် ရေးအတွက် ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ နည်းလမ်းအရ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ(၇) မရရှိသေးတဲ့လယ်မြေရော၊ ရရှိပြီးသာလယ်မြေရောမြေစာရင်းပုံစံများကို အောက်ခြေမှာ ဆားလုပ်ငန်းရှင်အသင်းနှင့်ပူးပေါင်းဆောင်ရွက်ပြီးတော့ ရေးဆွဲနေပါကြောင်း၊ လယ်ယာ မြေကို ဆားမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် လယ်ယာမြေနည်းဥပဒေ ၈၂ အရ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။ မသတ်မှတ်ရသေးသော ပုဂ္ဂလိက ဆားလုပ်ငန်းရှင် (၁၂၁)ဦး၏ အချက်အလက်များကို စုစည်းတင်ပြလာပါက ပြည်နယ်ဆားလုပ်ငန်းကော်မတီမှ စိစစ်၍ ဆားထုတ်မြေအဖြစ် သတ်မှတ်ပေးနိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်း ဖြေကြားပါသည်။

(ခ)    မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီးမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စ ရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ ကော်မတီ၏ဆောင်ရွက်ချက် အစီရင်ခံစာတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၂၀-၉-၂၀၁၈)ရက် (ကြာသပတေးနေ့) ရုံးချိန်အတွင်း  နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသော ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ ဒေါက်တာခင်နိုင်ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တို့မှ ဆွေးနွေးခြင်းနှင့် အစီရင်ခံစာတင်သွင်းသော ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ ပြန်လည်ဆွေးနွေးခြင်း၊

(ဃ)   မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဋ္ဌေး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်တို့မှ ရှင်းလင်းဆွေးနွေးချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊

(င)    မွန်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်မပြုကြောင်း ကြေညာခြင်းနှင့် ၂၀၁၂ ခုနှစ်၊ မွန်ပြည်နယ်ယစ်မျိုးခွန်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)တွင် “ ပြည်နယ်အစိုးရအဖွဲ့သည် လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ထုတ်ပြန်နိုင်သည် ” ဟုပြဋ္ဌာန်းပါရှိပါသည်။ ပုဒ်မခွဲ (ခ)တွင် “ ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ဝန်ကြီး၏သဘောတူညီချက်ဖြင့် လိုအပ်သောအမိန့်ကြော်ငြာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည် ” ဟုပြဋ္ဌာန်းပါရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ မွန်ပြည်နယ်ယစ်မျိုးခွန်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရသော်လည်းကောင်း၊ ပုဒ်မခွဲ (ခ)အရသော်လည်းကောင်း ဆောင်ရွက်ရန်သင့်ပါ ကြောင်း ဖြည့်စွက်အကြံပြုခြင်း၊

၃။       အစည်းအဝေးကို  နေ့လည် (၁၂) နာရီတွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၂၁-၉-၂၀၁၈)ရက် (သောကြာနေ့) နံနက်(၁၀) နာရီ တွင် ဆောင်ရွက်ပါမည်။