ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ ဇွန်လ ၄ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၄ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၃၀ )ဦးတက်ရောက် ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) နိုင်ငံတော်သမ္မတရုံးမှ (၂၉-၅-၂၀၁၈)ရက်နေ့ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၂၈/၂၀၁၈ အရ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးဖြစ်သဖြင့် နိုင်ငံတော် သမ္မတရုံးမှ အဆိုပါဝန်ကြီးဌာနနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်သည့်နေ့ရက်အထိ လစ်လပ် လျက်ရှိသော မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး၏ လုပ်ငန်း တာဝန်များကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ကြီးဦးဝဏ္ဏကျော်အား ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း၊
(ခ) ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ သထုံမြို့နယ်အတွင်းလေ့ကျင့်ရေးကွင်းတစ်ခု အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်ကျေးရွာ၊ ရပ်ကွက်အဆင့်ဘောလုံးကွင်းများ အကောင်အထည် ဖော်ရာတွင် မည်သည့်အချက်များပါရှိရမည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အားကစားကွင်းမြေအဖြစ်ပိုင်ဆိုင်မှုရရှိစေရန် ဦးစွာဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ ဌာနပိုင်မြေအဖြစ်ရရှိပြီးမှသာ ဘတ်ဂျက်ခွင့်ပြုငွေတင်ပြတောင်းခံ၍ လေ့ကျင့်ရေးကွင်း (၁)ကွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း နှင့် ဘောလုံးအားကစားကွင်း (၁)ကွင်းတွင်ရှိရမည့် အတိုင်းအတာမှာ အလျား (၃၄၅)ပေ၊ အနံ (၂၂၅)ပေနှင့် သက်ဆိုင်ရာအဆင့်ဆင့်ကို အားကစားကွင်းမြေမြေအဖြစ် လွှဲပြောင်း သတ်မှတ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းစည်ကမ်းချက်နှင့်အညီ တင်ပြလျှောက်ထား ပါကလေ့ကျင့်ရေးကွင်းအသစ် ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၂) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ်အတွင်းရှိဌာနများရှိ အကြီးအကဲများအနေဖြင့် မွန်ပြည်နယ်လွှတ်တော်မှ အစည်းအဝေးများဖိတ်ကြားခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းများတွင် အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ်များပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်၊ ဒေါက်တာအေးဇံမှ မွန်ပြည်နယ်အတွင်းရှိ တိုင်းကြားစာနှင့်ပတ်သက်၍ သော်လည်းကောင်း၊ အဖွဲ့အစည်းများတွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား သိရှိလို၍သော်လည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်ရှိ ကော်မတီများမှ နယ်မြေကွင်း ဆင်းလေ့လာရာတွင် ဌာနဆိုင်ရာများမှ လိုက်ပါကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ရေးဖိတ်ကြား လာခြင်း အားလည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်မှ အချိန်မီကြိုတင်၍ ညှိနှိုင်း အကြောင်းကြားလာပါက သက်ဆိုင်ရာပြည်နယ်/ခရိုင်နှင့်မြို့နယ်များသို့ အချိန်နှင့် တစ်ပြေး ညီညှိနှိုင်းအကြောင်းကြားပေးလျက်ရှိပါကြောင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မအားလပ် ပါကလည်း သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်တစ်ဦးလိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဘဏ္ဍာရေးကော်မတီမှ မြေပြင်ကွင်းဆင်းစစ်ဆေးပါက သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါ ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ မေးမြန်းရာ မြေပြင်ကွင်းဆင်းစစ်ဆေးပါက သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မအားမလပ် အခက်အခဲရှိပါက ဌာနကိုယ်စားတာဝန်ရှိသူများအား စေလွှတ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်သူလူထုများနေ့စဉ်စားသောက်လျက်ရှိသောအစားအသောက်များသည် ကျန်းမာရေး နှင့် ညီညွတ်မှုရှိ/မရှိမည်သို့မည်ပုံတားမြစ်အရေးယူဆောင်ရွက်ပေးသွားမည်ကို သိရှိလို သော မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အမျိုးသားအစား အသောက်ဥပဒေပါရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတွင်းထုတ်လုပ်တင်သွင်းရောင်းချ လျက်ရှိသော အစားအသောက်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး ပြည့်မီရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း၌အစားအသောက် ထုတ်လုပ်သောလုပ်ငန်းများကို ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် နှင့်ကိုက်ညီမှု ရှိ/မရှိစိစစ်စစ်ဆေးထောက်ခံချက် ထုတ်ပေးခြင်း၊ ပြည်ပမှတင်သွင်းသည့် အစား အသောက်များအတွက် သွင်းကုန်ထောက်ခံချက်နှင့်ကျန်းမာရေးထောက်ခံချက် ထုတ်ပေး ခြင်း၊ ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းဖြေကြားပါသည်။
(၄) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီးသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အရည်အသွေးပြည့်မှီသော ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၊ ကုသရေးဦးစီးဌာနမှ တိုက်ရိုက်ပံ့ပိုးပေးခြင်းနှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တင်ဒါ ခေါ်ယူပြီးဝယ်ယူခြင်းဟူ၍ နှစ်မျိုးရှိပါကြောင်းနှင့် ဆေးဝါးတင်ဒါလျှောက်လွှာများ စတင် ရောင်းချစဉ်ကတည်းက ဆေးကုမ္ပဏီများအနေဖြင့်လိုက်နာမည့် စည်းကမ်းချက် များအား ရှင်းလင်းချပြစေပြီး ဆေးဝါးများရွေးချယ်ဝယ်ယူခြင်းမလုပ်မီကတည်းက ဆေးနမူနာများကို သက်ဆိုင်ရာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးအဖွဲ့မှ ကိုယ်စားလှယ်များက ဆေး၏အမျိုး အစားမှန်/ မမှန် အရည်အသွေးပြည့်မီ သည့် ဆေးဟုတ်/မဟုတ် ၊ သက်တမ်းလွန်ရက် သတ်မှတ်ချက်နှင့်ညီ/မညီ၊ သေချာစွာ စိစစ်ရွေးချယ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဖွင့်ဖောက်စစ်ဆေးရေး အဖွဲ့တွင် မည်သူများပါဝင်ဖွဲ့စည်းထားသနည်း၊ သက်တမ်းလွန်ဆေးဝါးများ၊ အရည် အသွေးမပြည့်ဝသည့် ဆေးဝါးများရှိပါသလားနှင့် သက်တမ်းလွန်ဆေးဝါးများ တွေ့ရှိ၍ သက်သေနှင့်တကွ အစိုးရအဖွဲ့သို့ တိုင်ကြားပါက အရေးယူဆောင်ရွက်ပေးမှု ရှိ/မရှိ နှင့်စပ်လျဉ်း၍ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့အား ဆေးရုံရှိ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ အသုံးနည်းသောဆေးဝါးများအား သက်တမ်း လွန်တာတွေ့ရှိရပါကြောင်းနှင့်သက်သေနှင့်တကွတိုင်းကြားလာပါက ဥပဒေ၊ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေနှင့်ဥယျာဉ်ခြံမြေများအား မြေဖို့ခြင်း၊ မြေကွက် ရိုက်ရောင်းချခြင်းများနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းမေးမြန်းရာ စိုက်ပျိုးမွေးမြူ ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဋ္ဌေးမှ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအတိုင်း ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ သက်ဆိုင် ရာလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည့် ကာယကံရှင်များအား တားမြစ်ရန်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့တင်ပြရန် ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ဖြေကြား ခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များသို့ ညွှန်ကြားချက်ကို မည်သည့်ခုနှစ်၊ လ၊ ရက် ကထုတ်ခဲ့သနည်း၊ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများအား မြေဖို့ခြင်း၊ မြေကွက်စိုက်ရောင်းချခြင်းများနှင့် ပတ်သက်၍ အမှုတွဲ ဖွင့်လှစ်လျှောက်ထားသွားရန်နှင့် လိုက်နာမှုမရှိဘဲ ကျူးကျော်အသုံးပြုမှုများ ထပ်မံ ပေါ်ပေါက်ခဲ့ပါက ဘယ်လိုအရေးယူဆောင်ရွက်မလဲ မေးမြန်းရာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များသို့ ညွှန်ကြားချက်ကို မည်သည့်ခုနှစ်၊ လ၊ ရက် ကထုတ်ခဲ့သည်ကို စာဖြင့်ပေးပို့ဖြေကြားသွားမည်ဖြစ်ကြောင်းနှင့် ကျူးကျော်အသုံးပြု နေသည့် နေရာ၊ ဒေသအတိအကျစိစစ်ဖော်ထုတ်ပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါမည်။
(ခ) ပြည်နယ်စာရင်းစစ်ချုပ်မှ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့်အစီရင်ခံစာကို ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ တင်ပြခြင်း၊အစီရင်ခံစာနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၄-၆-၂၀၁၈) ရက်၊ (တနင်္လာနေ့) ညနေ (၄)နာရီအချိန်တွင် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လ (အောက်တိုဘာလမှမတ် လအထိ)အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦး၊ ဒေါ်ခိုင်ခိုင်လဲ့၊ ဦးအောင်ကျော်သူ၊ ဒေါ်ခင်မျိုးမြင့် တို့မှ ဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဆွေးနွေးခြင်း၊
(ဃ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာအား ကိုယ်စားလှယ်များ၏ အကြံပြုချက်များနှင့်အတူ မှတ်တမ်းတင်ခြင်း၊
၃။ အစည်းအဝေးကို နေ့လည် ( ၁၂ )နာရီ( ၂၅ ) မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၅-၆-၂၀၁၈)ရက် (အင်္ဂါနေ့)နံနက် (၁၀)နာရီတွင် ဆောင်ရွက်ပါမည်။





