ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၆-၁၀-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၄)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်အလတ်စားနှင့် အသေးစားပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာဥပဒေကြမ်းအား တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမြင့်ဦးတို့မှ ထောက်ခံဆွေးနွေးခြင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်၊ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့တို့မှ ဆွေးနွေးခြင်းနှင့်ဥပဒေကြမ်းအား ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်းကြေညာခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “သထုံခရိုင်၊ သထုံမြို့နယ်တွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အာဇာနည်ကျောက်တိုင် တည်ဆောက်ရန် မြေနေရာပြန်လည်ပေးပါရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့ တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ အကြံပြုထောက်ခံ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည် ပြုကြောင်း ကြေညာခြင်း၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးချစ်တင်၏ “လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ့ရှိချက်များကို တရားဥပဒေအရ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးမှ အကြံပြုထောက်ခံ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည် ပြုကြောင်းကြေညာခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ “မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းစက်မှုလက်မှုအိမ်တွင်းစီးပွားရေး အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် စက်မှုလက်မှုဇုံတစ်ခုဖြစ်ပေါ်လာစေရေးအတွက် တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးတို့မှ ထောက်ခံဆွေးနွေးခြင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ အကြံပြုထောက်ခံဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “ကော့ပရံကျေးရွာမီးလင်းရေးကို လာမည့်ဘတ်ဂျက်တွင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြတို့မှ ထောက်ခံဆွေးနွေးခြင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ အကြံပြုထောက်ခံဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ တင်ပြခြင်းအား ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးနှင့်ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်တို့မှ အကြံပြုဆွေးနွေးခြင်း၊ မွြန်ပည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ ရှင်းလင်းဆွေးနွေးခြင်း၊ ကိုယ်စားလှယ် (၂)ဦး၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ အစီရင်ခံစာအား မှတ်တမ်း တင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အတည်ပြုခြင်း (၄)ရပ်၊ မှတ်တမ်းတင်ခြင်း (၂)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၄၂)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၁၂း၃၅)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။





