ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၅-၁၀-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်မှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ တက်ရောက်ရန် ခွင့်ပန်ကြားခြင်းအား မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ မွန်ပြည်နယ်အလတ်စား၊ အသေးစားပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာဥပဒေကြမ်းအား တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ၂၀၁၆ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦး၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့မှ ဆွေးနွေးခြင်းနှင့်မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေ (လျာထားချက်)စာရင်းရှင်းလင်းတင်ပြခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့မှ ဆွေးနွေးခြင်းတို့အား ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးနောက်ဆုံးရက်တွင် ထပ်မံ ဆွေးနွေးဆုံးဖြတ်ချက်ရယူသွားမှာဖြစ်ကြောင်း ကြေညာခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ “ချောင်းဆုံ-ကုလားတို့-ဖံဖ-မုရစ်ကလေး ကျွန်းပတ်လမ်းအား ဆောက်လုပ်ရေးလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းကို ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “ကော့ပရံကျေးရွာမီးလင်းရေးကို လာမည့်ဘတ်ဂျက်တွင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းကို ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်မှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံ ဆွေးနွေးခြင်း၊ တင်သွင်းခဲ့သောအဆို(၂)ခုအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာခြင်း၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးဇံ၏ “လူဦးရေတိုးပွားလာမှုကြောင့် လိုအပ်လျက်ရှိသော မြို့ပြစီမံကိန်းတိုးချဲ့ခြင်းနှင့်ကျေးလက်ဒေသတိုးချဲ့ ခြင်းကို အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့မှ ထောက်ခံဆွေးနွေးခြင်းနှင့်အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “ကျွဲ၊ နွားများ တရားမဝင် သယ်ဆောင်ရောင်းချနေသည့် ကိစ္စအား ပပျောက်အောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေး ခြင်းနှင့်စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေး ခြင်းများ ပြုလုပ်ခဲ့ပြီး၊ အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ သဘာဝတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံမှ မော်လမြိုင်ဘိလပ်မြေစက်ရုံနှင့် ပတ်သက်သော အစီရင်ခံအပိုင်း (၁)တင်ပြခြင်းကို ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့်ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)တွင် တင်သွင်းခြင်း (၃)ရပ်၊ တင်ပြခြင်း (၁)ရပ်၊ အတည်ပြုခြင်း (၂)ရပ်၊ မှတ်တမ်းတင်ခြင်း (၃)တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၅၄)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၃း၅၅)နာရီအချိန်တွင် ကျင်းပပြီၤးစီးခဲ့ပါသည်။





