ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၉ )ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၅ ခုနှစ်မှ ယနေ့တာကာလ အထိဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ သိရှိ လိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က မိမိတို့ အစိုးရသက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဧပြီလမှစတင်ဆောင်ရွက်သည့်အတွက် ထိုကာလမှ စတင်၍ ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အပိုင်း(၃)ပိုင်းရှိပါကြောင်း၊ ပထမအနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို နှစ်စဉ်ဒေသန္တရဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကြမ်းတို့အား လွှတ်တော်သို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ရင်းနှီး မြှပ်နှံမှုကော်မတီမှခွင့်ပြုထားသော US ဒေါ်လာ (၅)သန်းအောက် ရင်းနှီးမြှပ်နှံမှု စီမံကိန်း များကိုလည်းလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ လိုအပ်ပါက ပြန်လည်ပေးပို့ သွားမည် ဖြစ်ပါကြောင်း၊ တတိယအနေဖြင့် မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆောင်ရွက်သည့်လုပ်ငန်းများကို တင်ဒါများခေါ်ယူစိစစ်ပြီး အစိုးရ၏မြေပိုင်ဆိုင်မှုရှိသည့်အတွက် MSDP ထည့်သွင်းဆောင်ရွက်ထားကြောင်း၊ ကျိုက်ထီးရိုးဇုန်စီမံကိန်း၊ အုန်းမွှေးစိုက်ပျိုးရေး၊ ကြံစီမံကိန်းနှင့် ကုလားကုတ်ရေနက် ဆိပ်ကမ်းစသည်အသေးစိတ်များကို လွှတ်တော်သို့ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် စီမံကိန်းလုပ်ငန်းများကို လွှတ်တော်မှအတည် ပြုချက်ရယူပြီး ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းရာ လွှတ်တော်၏အတည်ပြု ချက်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို လွှတ်တော်မှအတည်ပြုချက်ရယူပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရာမညဆိပ်ခံတံတားအား အကြီးစားပြင်ဆင်မွမ်းမံပြီး နှစ်ရှည်ငှားရမ်းထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က စာချုပ်ပါဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် ဆောင်ရွက်ထားမှုအနေဖြင့် ဆိပ်ခံတံတား အောက်နေရာတွင် တစ်ထပ်ခွဲပါ ပေ၁၂၀တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး၍ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသော စားသောက်ဆိုင်ဖွင့်လှစ် ထားရှိခြင်း၊ အပန်းဖြေဆိပ်ခံတံတားကို ဆောင်ရွက်နေဆဲဖြစ်ပြီး လတ်တလောတွင် ခေတ္တရပ်ဆိုင်းထားပြီး အရိပ်ရအပင်များ၊ ပန်းအလှပင်များထားရှိပြီးဖြစ်ပါကြောင်း၊ ကလေးကစားကွင်း၊ ပန်းခြံငယ်တချို့နှင့် အများသုံးသန့်စင်ခန်းထည့်သွင်းတည်ဆောက် ထားခြင်း၊ ကားများရပ်နားရန် ကားပါကင်စီစဉ်ထားပြီးဖြစ်ပါကြောင်းနှင့် မော်လမြိုင် စည်ပင်သာယာရေးအဖွဲ့မှခွင့်ပြုချက်မရှိဘဲပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အသစ်ဆောက်လုပ် ခြင်းများ၊ လုပ်ငန်းလုပ်ကိုင်သူသည်ထုတ်ပြန်ထားပြီးသော သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုက်နာရမည်ဖြစ်ကြောင်း၊ အများပြည်သူအကျိုးစီးပွားအလို့ငှာ အခါအားလျော်စွာ ထုတ်ပြန်သောညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ စာချုပ်တွင်ပါဝင်ခြင်း မရှိသောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရန် ကြီးကြပ်လျက်ရှိပါကြောင်း၊ စာချုပ်ပါလုပ်ငန်းများကိုဖောက်ဖျက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ရာနှုန်းပြည့်တည်ဆောက် ပြီးမှ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းရမည်ဆိုသည့် စာချုပ်ပါသတ်မှတ် ချက်အရ အပန်းဖြေဆိပ်ခံတံတားတည်ဆောက်ခြင်းအား ရပ်ဆိုင်းခြင်းသည် စာချုပ်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ရှင်းလင်းဖြေကြားပေးပါရန်နှင့် စာချုပ် မပါသည့် Cargo အဆောက်အဦအား မည်သူက တာဝန်ယူဖြေရှင်းမည်ကို သိရှိလို ကြောင်းမေးမြန်းရာ အပန်းဖြေဆိပ်ခံတံတားနှင့်ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် စိစစ်ဆဲ၊ သုံးသပ်ဆဲကာလဖြစ်သည့်အတွက် ရပ်ဆိုင်းထားရခြင်းဖြစ်ပါကြောင်းနှင့် Cargo Beer Gardan နှင့်ပတ်သက်ပြီး အသေးစိတ်ပြန်လည်စိစစ်ပြီး (၁၀)ရက်အတွင်း ပြန်လည် ဖြေကြား သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(၃) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ မေးမြန်း သောရေးမြို့နယ်တွင် မြို့မြေအဖြစ် သတ်မှတ်ထားသော မြေ၏ပြင်ပရှိမြေများကို အိမ်ရာ ကွက်ရိုက်ပြီး ရောင်းစားနေသူများအား မည်သို့မည်ပုံအရေးယူပေးမည်ကို သိရှိ လိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မြေကွက်လပ်ရောင်းစားမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး(၃)ဦးတို့သည် မြို့သိမ်းမြေပြင်ပမြေများကို အကွက်ရိုက်ရောင်းစားခြင်း မဟုတ်ပါကြောင်းနှင့် မွန်ပြည်နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ တရားဝင် လန(၃၉)ခွင့်ပြုချထားသောမြေများအပေါ် မြေစာရင်းဦးစီးဌာနမှ မြို့မြေကွက် ဖော်ဆောင် ပေးခြင်းသာဖြစ်ပြီးအရေးယူဆောင်ရွက်၍မရပါကြောင်း၊ ဒေါက်တာ သန်းထွန်းအောင် မြို့နယ်ဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဌာနမှဦးဆောင်သည့် မြို့နယ်စုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မြေစာရင်းနှင့်ပူးပေါင်း၍ ရောင်းစားနေသည်ကိုတွေ့ရ၍ အုပ်ချုပ်ရေးမှူး(၃)ဦးနှင့် မြေစာရင်းဦးစီးမှူးကို မည်သို့အရေးယူပေးမည်ကို သိရှိလိုကြောင်းမေးမြန်းရာ ဌာန ဆိုင်ရာများမှ ပါဝင်ပတ်သက်မှုရှိသည်ဟု တိကျခိုင်မာသော သက်သေအထောက်အထား တင်ပြပေးရန်လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ မှ ကော်မတီ၏အစီရင်ခံစာအားတင်ပြခြင်း၊ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၇.၂.၂၀၂၀)ရက် (တနင်္လာနေ့) တွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
(ဃ) “မွန်ပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစီရင်ခံစာ’’ နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်း ထားသည့် ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၁)၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၁)တို့မှဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် မှရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူ မှ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊
၃။ အစည်းအဝေးကို နံနက်(၁၁း၁၀)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ကျင်းပမည့်ရက်ကို (၁၈.၂.၂၀၂၀)ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။





