5121

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် ( ၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း()ခု မေးမြန်းဖြေကြားခြင်း

(၁) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ ပထမမေးခွန်းအနေဖြင့် မော်လမြိုင်မြို့၊ အမေရိကန်ဆေးရုံ(ကလေးဆေးရုံ)ရှိ အကူဝန်ထမ်းများ၏တာဝန်ပေါ့လျော့မှုများအား ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က အမေရိကန်ဆေးရုံ(ကလေးဆေးရုံ)တွင် ကုသရေးဆောင်ရွက်ရန် ဝန်ထမ်းများခွဲဝေချ ထားရာ အကူဝန်ထမ်းများက မီးယပ်သားဖွားလူနာပို့ဆောင်ရာတွင် သက်သာစွာသွားလာ နိုင်ရေး ပို့ဆောင်ပေးရန်နှင့် တာဝန်ချိန်မှာ တာဝန်ကျရာနေရာတွင် မရှိပါက ထိရောက်စွာ အရေးယူနိုင်ရေး ကြပ်မတ်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

(၂)     ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်
အမှတ်
()မှ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မိန်ဗလာတောင်တွင် မြေတူးဖော်နေသည့် ကိစ္စအား သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကRoyal Eagle Myanmar Development Co;Ltd မှ အကျိုးတူပူးပေါင်း လုပ်ကိုင်ခွင့်ပြုပါရန် သာသနာရေးဝန်ကြီးဌာနသို့ တင်ပြလာပါသဖြင့် ကုမ္ပဏီနှင့်တွေ့ဆုံပြီး ညှိနှိုင်းခွင့်ပြုခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရှေးပြေးစူးစမ်းမှုအားခွင့်ပြုခဲ့ပြီး လုံခြုံရေးကိစ္စ အားဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းပြန်ကြားခဲ့ပြီး ယခုအခါ ပြည်ထောင်စုအစိုးရမှ ပိတ်သိမ်းသွားရန် သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောကော်မတီအနေနဲ့လည်း ဆက်လက်ဆောင်ရွက်ရန် အဆင်မပြေပါက ပိတ်သိမ်းနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ရာ ဆက်စပ်
မေးခွန်းအနေဖြင့် ရှေးပြေးစူးစမ်းမှုအား မည်သည့်ကာလအပိုင်းအခြားထိ ခွင့်ပြုခဲ့ပါသနည်း နှင့်မြေတူးဖော်ခြင်းလုပ်ငန်းစဉ်ပါဝင်ခြင်းရှိပါသလား၊ ယခုကုမ္ပဏီရော ခွင့်ပြုထားပါသလား ခွင့်မပြုပါက မည်ကဲ့သို့အရေးယူမည်နည်းဟုမေးမြန်းရာ ဝန်ကြီးက ၂၀၁၈ နှစ်ဆန်းမှ ၂၀၁၉ နှစ်ကုန်အထိ ခွင့်ပြုခဲ့ကြောင်း မြေတူးဖော်ခြင်းမှာ ရှေးပြေးစူးစမ်းမှုဟုဆိုကတည်းက ပါဝင်တာဖြစ်ပါကြောင်း၊ တူးဖော်နိုင်ရေးအဘက်ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်နေကြ တဲ့အတွက် ကုမ္ပဏီကလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ရခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ စူးစမ်းကာလမဟုတ်တော့ဘဲ ထပ်ပြီးတူးဖော်ခွင့်ကို မည်ကဲ့သို့ခွင့်ပြုခဲ့သနည်းဟု မေးမြန်းရာ ဝန်ကြီးက ထူးခြားသည့် ရလဒ်မရှိတဲ့အတွက် ပြန်လည်ပိတ်သိမ်းတော့မှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(၃)     ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မွန်ပြည်နယ်အတွင်းရှိ တွဲလုံးတပ်ဆင်ထားသည့် ဆောင်းဘောက်လုပ်ငန်းကားများ နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ကအသံချဲ့စက်ဖွင့်ခွင့်ပြုခြင်းစည်းကမ်းချက်များနှင့်ပတ်သက်ပြီး
ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေပုဒ်မ- ၇ အား သိရှိရန်လိုအပ်ကြောင်း၊ စည်းကမ်းဖောက်ဖျက် ပါက ပုဒ်မ- ၂၇နှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းတို့ကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြုရန်တင်ပြလာပါက နည်းဥပဒေ စည်းကမ်းချက်များသတ်မှတ်ပြီး ခွင့်ပြုလျက်ရှိပါကြောင်း၊ စည်းကမ်းချက်နှင့် မညီညွတ်ပါက ရပ်နားစေခြင်း၊ ဖွင့်လှစ်မှုမရှိစေရေး စသည့်အရေးယူခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တိတိကျကျ ညွှန်ကြားစေ ချင်ကြောင်းနှင့် တစ်ဦးတစ်ယောက်အား နမူနာအရေးယူပြီး နောက်နောင်ဆောင်ရွက် ခြင်းမရှိစေရေး လုပ်ဆောင်သွားရန် အစီစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက တိကျသည့်သက်သေ ယူထားပြီး ရဲတပ်ဖွဲ့ကို အကူအညီတောင်းရန်နှင့် ပြတ်ပြတ်သားသားအရေးယူသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(၄)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော မုဒုံမြို့နယ်၊ နိုင်ပြိုင်ကျေးရွာသုသာန်မြေကိစ္စနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မှိန်ကနိမ်းရွာဦးတွင် သင်္ချိုင်းမြေအဖြစ် သတ်မှတ်ရန်ဆုံးဖြတ်ထားခြင်း မရှိပါကြောင်း၊ မှိန်ကနိမ်းရွာသည် စည်ပင်နယ်နိမိတ်ပြင်ပတွင် တည်ရှိပါသောကြောင့် စိစစ်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ နိုင်းပြိုင်ကျေးရွာသင်္ချိုင်းမြေမှာ မြေစာရင်းမြေပုံ မှတ်တမ်းများတွင်မပါရှိပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်၏တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ တင်ပြချက်အရ မှိန်ကနိမ်းရွာဦးတွင် သင်္ချိုင်းမြေနှင့်ပတ်သက်၍ မီးသဂြိုလ်စက်ပြုလုပ် ပေးရန် လမ်းညွှန်ခဲ့ပါ၍ စိစစ်နေဆဲဖြစ်ပါကြောင်း၊ ယခုအခါ ရိုးရာဓလေ့များလည်းပြောင်းလဲ လာပြီးဖြစ်၍ ရွာတွင်း၊ မြို့တွင်းသို့ဖြတ်၍ သယ်ဆောင်ခြင်းများလည်း ရှိနေပြီးဖြစ်ပါကြောင်း ဖြေကြားရာ ဆက်စပ်မေးခွန်းအနေဖြင့် လက်ရှိသင်္ချိုင်းမြေတွင် မီးသဂြိုလ်စက်ပြုလုပ် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ညွှန်ကြားချက်အားရုပ်သိမ်းပေးရန်အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက သင်္ချိုင်းမြေအဟောင်းရှိပါက မှတ်တမ်းမှတ်ရာရရှိရန် ဆောင်ရွက်သင့်ပါကြောင်း၊ ပြည်သူ၏တင်ပြချက်အား လေ့လာ၍ ဖြစ်သင့်ဖြစ်ထိုက်တာကို ဆောင်ရွက်ရတဲ့အတွက် စိစစ်နေရခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၅) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော ချောင်းဆုံမြို့နယ်၊ ဖံဖ-ထန်းပင်ကုန်းလမ်းပေါ်ရှိ အမှတ်(၁)တံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ဖံဖ-ထန်းပင်ကုန်းလမ်း ပေါ်ရှိ လက်ရှိတံတားမှာကွန်ကရစ်တံတားဖြစ်ပြီး သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် တင်ပြပြီးရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်းဖြစ်ပါကြောင်း ဖြေကြားပါသည်။

(၆)     ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော  မုဒုံမြို့နယ် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းရန်အတွက် ပြင်ဆင်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က နှစ်စဉ်လယ်ယာမြေများကို အဆင့်မြှင့်ပေး လျက်ရှိပြီး မုဒုံမြို့နယ်၊ မှိန်ကနိမ်းကွင်းနှင့် ကော့ပရံကွင်းများရှိလယ်ယာမြေများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်တင်ပြပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်းဖြစ်ပါကြောင်း ဖြေကြားပါသည်။

(ခ)    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် မှတင်သွင်းခဲ့သည့် “ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ်အစီရင်ခံစာ ” အား အမည်စာရင်းတင်သွင်းထားသော ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်မြသိင်္ဂီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တို့မှဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များ အပေါ် ဦးဝဏ္ဏကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊

 

 

(ဂ)     “ မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာ ”အား ဦးခင်မောင်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် မှတင်ပြခြင်း၊  အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၁.၂.၂၀၂၀)ရက် (အင်္ဂါနေ့) တွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

၃။       အစည်းအဝေးကို  မွန်းလွဲ(၁၁း၅၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပမည့်ရက်ကို (၁၃.၂.၂၀၂၀)ရက် (ကြသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။