5118

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)

၁။       ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး
အနက် (၂၇)ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း()ခု မေးမြန်းဖြေကြားခြင်း

(၁) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် တင်သွင်းခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ အစီရင်ခံစာများအား အစိုးရအနေဖြင့် မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်ထား သည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကမွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အစီရင်ခံစာ(၅)စောင်တင်သွင်းထားပြီး လွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိပြီး အစိုးရအဖွဲ့သို့ပေးပို့ထားကြောင်း၊ အစီရင်ခံစာ တွင် ကျိုက်ထီးရိုးသဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် အမှိုက်ကင်းစင်ရေး အကောင်အထည်ဖော်ဆောင်ရန်အတွက် လုပ်ငန်းကော်မတီများဖွဲ့စည်ပြီး ဆောင်ရွက် မည့်အစီအမံကို ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း၊ စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ Star High Co.,Ltd မှ သောင်တူးခြင်း နှင့်ပတ်သက်၍လည်း အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ကော်မတီ၏အစီရင်ခံစာမှာ အစိုးရအဖွဲ့အတွက် များစွာအထောက် အကူပြုပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် အစီရင်ခံစာပါအကြံပြုချက်များ အတိုင်း မည်ကဲ့သို့ထိန်းကျောင်းကြပ်မတ်နိုင်မည်နည်းနှင့် Star High Co.,Ltd မှသောင်တူး ခြင်းကြောင့် ဖြစ်ပေါ်လာသော ကမ်းပြိုခြင်းများအား အစိုးရမှမည်ကဲ့သို့ တာဝန်ယူနိုင် မည်နည်းဟုမေးမြန်းရာ ဝန်ကြီးက အစီရင်ခံစာပါ ပတ်ဝန်းကျင်ထိခိုက်နိုင်မည့် လုပ်ဆောင် ချက်များပြုလုပ်ခဲ့လျှင်သော်လည်းကောင်း၊ စည်းကမ်းချက်များကို လိုက်နာမှုအားနည်းခဲ့ လျှင်သော်လည်းကောင်း အစိုးရအနေနဲ့ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)     ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ မေးမြန်းသော မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်း ပညာရေးဌာန စာသင်ကျောင်းများရှိ အောက်ခြေဝန်ထမ်းများလစ်လပ်နေခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ကပညာရေးဌာန အောက်ခြေဝန်ထမ်းများခန့်အပ်မှုကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာမှ ညွှန်ကြားမှုပြုမှသာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်
မေးခွန်းအနေဖြင့် ဝန်ကြီးမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနသို့တောင်းဆိုပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက အစီအစဉ်ရှိပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးမှ လစ်လပ်ဆရာ၊ ဆရာမများကို ဦးစွာဖြည့်ဆည်းပြီးမှသာ အောက်ခြေဝန်ထမ်းများခန့်ထား ဆောင်ရွက်သွားမည်ဟု မှာကြားခဲ့ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၃)     ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်
အမှတ်
()မှ မေးမြန်းသော မွန်ပြည်နယ်အတွင်းကျေးရွာစက်သုံးဆီအရောင်းဆိုင်များ ထုတ်ပြန်သည့်အမိန့်၊ သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ရောင်းချနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်း ကမော်လမြိုင်ခရိုင်ရှိ ရေးမြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိ ကျေးရွာစက်သုံး ဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အမိန့်မှတ် (၅၂၁/၂၀၁၉)အရထုတ်ပြန်ခဲ့သော စက်သုံးဆီအရောင်ဆိုင်လိုင်စင်ရရှိရေး လျှောက်ထား ရမည့် အခြေခံအချက်များအား ပြည်နယ်ရေနံနှင့်ရေနံအရောင်းဌာနမှ ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်နယ်ရောင်းဝယ်ရေး အရာရှိရုံးမှ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းများပို့ချပြီး ကျေးရွာ စက်သုံးဆီအရောင်းဆိုင် လိုင်စင်ဆိုင်ရာအမိန့်အား ရှင်းလင်းပြောကြားလျက်ရှိကြောင်း အမြန်ဆုံးလိုက်နာရန်နှင့် အကောင်အထည်ဖော်နိုင်ရေး၊ လိုင်စင်အမြန်ဆုံးခွင့်ပြုထုတ်ပေး နိုင်ရေး ကြီးကြပ်လျက်ရှိကြောင်း၊ လိုအပ်သော အချက်များရှိပါက ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့  တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

(၄)    ဦးဇော်ဇော်ထူး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှှ မေးမြန်းသော လုပ်ငန်းခွင်များတွင်အသုံးပြုနေသောစက်ယန္တရားနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက လုပ်ငန်းခွင်များတွင် အသုံးပြုနေသောစက်ယန္တရားနှင့်ပတ်သက်ပြီး မော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင်ထုတ်ပေး၍ မရပါကြောင်း၊ ကုန်လမ်းပို့ဆောင်ရေး အငှားယာဉ်အဖြင့် မှတ်ပုံတင်ထုတ်ပးထားသော်လည်း ကုန်လမ်းပို့ဆောင်ရေးလိုင်စင်ထုတ် ပေးခြင်းမရှိပါကြောင်၊ MIC ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေသောလုပ်ငန်းများမှ စက်ယန္တရား များအား တင်သွင်းခွင့်ရှိသော်လည်း MIC မှစိစစ်ပြီးမှသာ အကောက်အခံကင်းလွတ်ခွင့် ရှိပါကြောင်း၊ စိစစ်ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသော စက်ယန္တရားများအား ဒဏ်ငွေ တပ်ရိုက်နိုင်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းများဆောင်ရွက်နေသော စက်ယန္တရားများကို စိစစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဝန်းကြီးက အဓိကအားဖြင့် ယာဉ်၊ ယန္တရားများစိစစ်ရာမှာ ခိုင်မာအားကောင်း သောဥပဒေရှိရန် လိုအပ်ကြောင်း၊ လက်ရှိမော်တော်ယာဉ်ဥပဒေအရ (ကညန)မှ အရေးယူ ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ MIC မူအရ ဖြေလျှော့ပြီး တင်သွင်းခွင့်ရှိပါကြောင်း၊ အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူရန်အတွက် အစိုးရအဖွဲ့ Cabinet ဆုံးဖြတ်ချက် ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း (၂)အနေဖြင့် အကောက်ခွန်ဥပဒေအရအရေးယူဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီးက လက်ရှိပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(၅)    ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ()မှ မေးမြန်းသော မုဒုံမြို့နယ်၊ ကလော့သော့ တောင်ပကွင်းတွင် စပါးများပိုးကျနေခြင်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က မုဒုံမြို့နယ်၊ ကလော့သော့ တောင်ပကွင်းတွင် စပါးများပိုးကျနေခြင်းကိစ္စနှင့်ပတ်သက်ပြီး အချိန်မီအကြောင်းကြားမှသာ ကွင်းဆင်း၍ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ အောင်ရေမရှိခြင်းကြောင်းဖြစ်ကြောင်း၊ တောင်သူများပညာပေးပွဲသို့လာရောက်၍ ပါဝင်ဆောင်ရွက်ရန် ချိတ်ဆက်မှာကြားပြီး ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဝန်ကြီးအနေနဲ့ မည်ကဲ့သို့ကာကွယ် ကြီးကြပ်ပေးနိုင်မည်နည်းနှင့် ဖြေဆိုသွားသည့်အဖြေကို ဘယ်လောက်အတိုင်းအတာထိ တိတိကျကျအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်နည်းဟု မေးမြန်းရာ ဝန်ကြီးက အချိန်နှင့်တစ်ပြေညီ သိရှိနိုင်မှသာ ကွင်းတာဝန်ခံမှဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖြစ်စဉ်ပြီးမှ လာရောက်တင်ပြတဲ့အတွက် အချိန်မီဆောင်ရွက်ပေး၍မရပါကြောင်း၊ တောင်သူ များအနေဖြင့်လည်း တာဝန်သိမှုလိုအပ်သလို မိမိတို့အနေဖြင့်လည်း တာဝန်ခံနိုင်မှာ ဖြစ်ကြောင်း၊ ယခုအခါ မြေဆီလွှာကိုစိစစ်ပြီး မိုးရာသီမရောက်ခင် ကြိုတင်ဆောင်ရွက် နိုင်ရန်အဖြေထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ယခုနှစ်ကဲ့သို့မဖြစ်စေရေး စိုက်ပျိုးရေးဦးစီးဌာနသို့ လမ်းညွှန်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(၆)     ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှ ရေးမြစ် အတွင်းသဲ၊ ကျောက်စုပ်ယူနေသောလုပ်ငန်းရှင်များနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ကမြစ်သဲ ကျောက်ထုတ်လုပ်ခွင့်လိုင်စင်နှင့်ပတ်သက်၍ လျှောက်ထားလာပါက သက်ဆိုင်ရာဌာနများ၏ သဘောထားထောက်ခံချက်များနှင့်အတူ ထုတ်ပေးလျက်ရှိပြီး ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာမှုရှိ၊ မရှိကိုလည်းတာဝန်ယူကြီးကြပ်စစ်ဆေးလျက် ရှိပါကြောင်း လုပ်ငန်းရှင်များကိုယ်တိုင်မှလည်း စည်းကမ်းချက်များကို လိုက်နာမည်ဖြစ် ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးပြီး လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်စစ်ဆေးမှုများကိုလည်းပြုလုပ်ပြီး စည်းကမ်း ဖောက်ဖျက်မှုများပေါ်ပေါက်ပါက အရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(ခ)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မှတင်သွင်းထားသည့်“ကျားဖောင်/ငါးဖမ်းလုပ်ငန်းခွင်များအတွင်း ရေလုပ်သား များနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု/ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို ’’ အား အမည်စာရင်းတင်သွင်းထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးချစ်တင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တို့မှဆွေးနွေးခြင်းခဲ့ပြီး ဆွေးနွေးချက်များအပေါ် ဦးထွန်းဌေး၊ စိုက်ပျိုးမွေးမြူ ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြ ခြင်း၊ အဆိုရှင် ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြန်လည်ဆွေးနွေးခြင်းနှင့် ယင်းအဆိုအား အစည်းအဝေး(အဋ္ဌမနေ့)တွင် အဆုံးအဖြတ်ရယူသွားရန်ဖြစ်သည်။

(ဂ)     “ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ ကော်မတီ၏ ဆောင်ရွက် ချက်အစီရင်ခံစာ ”အားတင်ပြခြင်း၊  အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၁၀.၂.၂၀၂၀)ရက် (တနင်္လာနေ့) တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)    မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင် အစားထိုးဖွဲ့စည်းရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်း၊

၃။       အစည်းအဝေးကို  မွန်းလွဲ(၁၂း၁၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပမည့်ရက်ကို (၁၁.၂.၂၀၂၀)ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။