ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော ် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင်စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက်( ၂၇)ဦး တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၁)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မြသီင်္ဂီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မုဒုံမြို့ပျဉ်းမကုန်းမှ သွယ်တန်းထားသော ပင်မရေပိုက်လိုင်း မကြာမကြာပြုတ်ထွက်နေခြင်းနှင့် ရေသွယ်တန်းရာတွင် ပေးချေရန်ကျန်ရှိနေသော လုပ်အားခများကို ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ ပျဉ်းမကုန်းရေပိုက် သွယ်တန်း ခြင်းကို ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြင့် ရန်ပုံငွေ(၈၃.၁၁)သန်း ခွင့်ပြုချထားပေးခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊ စင်မြင့်ရေစင်တည်ဆောက်၍ မပြီးသေးပါ၍ ယာယီရေပေးရေး အစီအစဉ်ပြုလုပ်ခဲ့သဖြင့် ရေပန့်များ၏အရှိန်ကြောင့် ရေပိုက်ပြုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ ယခုအခါ စင်မြင့်ရေစင်တည်ဆောက်ပြီးဖြစ်၍ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် နေပြီးဖြစ်ပါ၍ ရေပိုက်များပြုတ်ထွက်မှုမရှိတော့ပါကြောင်း၊ ငွေပေးချေမှုအပိုင်းမှာလည်း ဌာနမှအလုပ်သမားခေါင်းဆောင်သို့ အရစ်ကျထုတ်ပေးခဲ့ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် အောက်ခြေမှာပိုက်လိုင်းများကို နည်းစနစ်တကျမလုပ်ထားဘဲ အစိုးရအဖွဲ့ကို တင်ပြရာမှာ ကွဲလွဲစွာတင်ပြမှုများရှိနေ၍ မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်း၊ ပိုက်လိုင်းရေမယိုအောင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်း၊ လုပ်ငန်းကျန်ငွေအား လုပ်သားခေါင်းဆောင်အားပေးပြီးပြီဆိုပေမယ့် ကျန်ရှိနေသေးတာကို ဘယ်လိုအရေးယူ ပေးနိုင်မည်နည်း၊ ဝန်ကြီးအနေဖြင့် မြေပြင်မှာကွင်းဆင်းပြီးမှ တိတိကျကျဖြေကြားပေးစေ ချင်ပါကြောင်း မေးမြန်းရာ ဝန်ကြီးမှ ပင်မပိုက်လိုင်းရဲ့ မည်သည့်နေရာတွင်နည်းစနစ် မကျဘဲဆိုတာကိုသိပြီးမှ ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အမြန်ဆုံးကွင်းဆင်းပြီး ကောင်း အောင်စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငွေပေးချေမှုမှာ အစိုးရအဖွဲ့မှ ဌာနကို ပေးပြီးမှ အလုပ်သမားတွေဆီကိုရောက်ရှိလာတာဖြစ်ကြောင်း၊ ခိုင်လုံတဲ့အထောက်အထားကို ကွင်း ဆင်းပြီးမှ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ‘‘ မွန်ပြည်နယ် သဘာဝဘေးကြုံတွေ့ခဲ့ရသည့်အပေါ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဝမ်းသာ ဂုဏ်ပြုကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများတွင် ပိုမို အားကောင်းစေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းအဆို’’ ကို ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တင်သွင်းခြင်း၊ ယင်းအဆိုအား ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ လက်ခံသင့်ကြောင်းထောက်ခံဆွေးနွေးခြင်း နှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် (၃၀.၉.၂၀၁၉)ရက်(တနင်္လာနေ့)တွင် အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(ဂ) ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တို့မှ ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်းတင်သွင်းသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ရှင်းလင်းဆွေးနွေး ခြင်းနှင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းအား အခန်းလိုက်သဘောထားရယူပြီး ဇယားအလိုက်အဆုံးအဖြတ်ရယူရာတွင် ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဇယား(၄)ပါ မွန်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ တောင်စွန်မြို့သစ်အဝင်အထွက်လမ်း(၂၂၀၀)ပေ၊ လမ်းအရှည် (1.00) km အား ကတ္တရာခင်းခြင်းအတွက်လျာထားငွေကျပ်(၁၂၉.၀၀)သန်းလုပ်ငန်းအား မဆောင်ရွက်သင့်ကြောင်း တင်ပြခြင်းအား ပြည်နယ်လွှတ်တော်မှမှတ်တမ်းတင်ခြင်းနှင့် ဥပဒေအား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။
(ဃ) “၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများအပေါ် ပြင်ဆင်ချက်အဆို ” အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှတင်သွင်းခြင်း၊ ပြင်ဆင်ချက်အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် (၃၀.၉.၂၀၁၉)ရက်(တနင်္လာနေ့)တွင် အမည်စာရင်းတင်သွင်း ရန် ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်(၁၁း၅၀) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပမည့်ရက်ကို (၂.၁၀.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။





