ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (တတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဇွန်လ ၁၄ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)(တတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၈ )ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဆူးအင်းကျေးရွာ နှင့်ဆက်စပ်နေသောမြေအား တစ်ဆက်တစ်စပ်တည်း ရွာမြေတိုးချဲ့ရန် ဆောင်ရွက်၍ရ၊ မရ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်းကြီး ဦးထွန်းဌေးက ဖြေကြားရာတွင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ဆူးအင်းရွာကြီး နှင့်ဆူးအင်းရွာလေးသည် တစ်ဆက်တည်းမရှိဘဲ ပေ(၂၅၀၀)ခန့်ကွာဝေးပါကြောင်း၊ ဆူးအင်းရွာကြီးသည် ဒူးရင်းဆိပ်ကျေးရွာအုပ်စု၏ ကွင်းအမှတ်(၄၈၉)၊ ဆူးအင်းရွာအတွင်း တည်ရှိပြီး ဧရိယာ(၁၉)ဧက၊ မြေအမျိုးအစား ဥယျာဉ်ခြံမြေဖြစ်ပြီး (၅.၅၇)ဧကနှင့် စိုက်ပျိုး နိုင်သောမြေလပ်(၁၄.၄)သောင်းဧက၊ အိမ်ထောင်စု(၃၃)စုနေထိုင်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါမြေအားရွာမြေဧရိယာအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ လူနေအိမ်နှင့်ရာဘာပင် များကိုသာ စိုက်ပျိုးအသုံးပြုထားခြင်းဖြစ်ကြောင်း၊ ဆူးအင်းရွာလေးသည် ဒူးရင်းဆိပ် ကျေးရွာအုပ်စု၏ ကွင်းအမှတ်(၄၈၇)၊ တောကွင်း(၅)အတွင်းတည်ရှိပြီး ဧရိယာ(၂၃)ဧက၊ မြေအမျိုးအစား ဥယျာဉ်ခြံမြေဖြစ်ပြီး (၃.၀၇)ဧကနှင့် စိုက်ပျိုးနိုင်သောမြေလပ်(၁၉.၃၉)ဧက၊ အိမ်ထောင်စု(၄၄)စုနေထိုင်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါမြေအားရွာမြေဧရိယာအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ လူနေအိမ်နှင့် ရာဘာပင်များကိုသာ စိုက်ပျိုးအသုံးပြုထားခြင်း ဖြစ်ကြောင်း၊ ဆူးအင်းရွာလေးနှင့်ဆူးအင်း ရွာကြီးတို့အား လက်ရှိရွာမြေဧရိယာထက် ထပ်မံရွာမြေတိုးချဲ့မည်ဆိုလျှင် ပတ်ဝန်းကျင်မှာရှိသည့် မြေသည်စက်မှုဝန်ကြီးဌာန၏ ပုံစံ(၇)အမည်ပေါက်မြေများဖြစ်သည့်အတွက် စက်မှုဝန်ကြီးဌာနမှပြန်လည်စွန့်လွှတ်ရန် လိုအပ်မည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး၊ ဆက်စပ်မေးခွန်းအနေဖြင့် ထိုရွာများသည် နှစ်ပေါင်း (၇၀)၊ (၈၀)ခန့်က တည်ရှိနေခြင်းဖြစ်ကြောင်း၊ ဆူးအင်းရွာကို ပြည်ထဲရေးတွင် တရားဝင် အမည်ပေါက်သတ်မှတ်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ရွာတွင်ရှိသည့် ပြည်သူလူထုလုပ်ကိုင် စားသောက်ရန်အတွက် စိုက်ပျိုးမြေများရရှိရေး၊ ကျေးရွာအမည်ပေါက် တရားဝင်ပိုင်ဆိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီး မှ ဆူးအင်းကျေးရွာများသည် သက်ဆိုင်ရာပြည်ထဲရေး အမည်ပေါက်ကျေးရွာများ ဟုတ်၊ မဟုတ် အသေးစိတ်စာဖြင့် ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးအမည်ပေါက် ဖြစ်မည်ဆိုပါက ကျေးရွာပိုင်မြေအဖြစ် သတ်မှတ်ပေးရန်လုပ်ငန်းစီမံချက်များ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးရွာမြေဧရိယာထပ်မံတိုးချဲ့ရန်လိုအပ်ခြင်းရှိ၊ မရှိ သုံးသပ်ရမည်ဖြစ်ကြောင်း၊ ရွာ၏တစ်ဆက်တည်းဧရိယာများသည် စက်မှုပိုင်ဧရိယာများ ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ရွာ၏ တစ်ဆက်တည်းဧရိယာများကို တိုးချဲ့မည်ဆိုလျှင် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီး ဌာနသို့တင်ပြပြီးစွန့်လွှတ်မှသာလျှင် State Land အဖြစ် ရရှိ၍ တိုးချဲ့ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပြီး၊ ထပ်ဆင့်ဆက်စပ်မေးခွန်းအနေဖြင့် ဆူးအင်းရွာရှိ ကျေးရွာသူ၊ ကျေးရွာသားတွေ စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် မွန်ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့ ကွင်းဆင်းဆောင်ရွက်ပေးဖို့အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီးမှ စိုက်ပျိုးနိုင်သည့်မြေနေရာရနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်၍ ကျေးရွာပတ်ဝန်းကျင်တွင် ရှိသည့်မြေများမှာ ပုံစံ(၇)ဧရိယာဖြစ်သည့်အတွက် ညှိနှိုင်းဆောင်ရွက်ရမည့် အနေ အထားဖြစ်သောကြောင့် ကတိကဝတ်အနေနဲ့ပေးနိုင်ခြင်းမရှိပါကြောင်း၊ ဆူးအင်း ကျေးရွာ နှင့် မနီးမဝေးတွင် Costic Soda စက်ရုံအဝင်လမ်းဘေးတွင် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ် ပေးထားသည့်မြေ(၃၃)ဧက၊ State Land အဖြစ်စွန့်လွှတ်ထားခြင်းရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုမြေအားမည်သို့သုံးစွဲနိုင်မည်၊ ကျေးရွာအတွက် မည်သို့ အကျိုးရှိအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုသည့် အစီအစဉ်ကို ပြည်နယ်အစိုးရ အဖွဲ့သို့ ဆက်လက်တင်ပြပြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သုံးသပ်ချက်ကို ပြန်လည်တင်ပြပေးသွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
(၂) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ မေးမြန်းသော ရေးမြို့နယ်၊ ဓမင်းဆိပ်ကြီးကျေးရွာ၊ အစင်စံပြကျေးရွာနှင့် ဆိပ်ကလေးကျေးရွာ ပင်လယ်ဝသို့သွားသော အပန်းဖြေလမ်းအား ပြုပြင်ပေးရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ဖြေကြားရာတွင် ရေးမြို့နယ်တောင်ပိုင်း၊ ဓမင်းဆိပ်ကြီးကျေးရွာနှင့် အစင်စံပြကျေးရွာြ ဖစ်သော ဆိပ်ကလေးကျေးရွာပင်လယ်ဝသို့ဆက်သွယ်ထားသော (၁)မိုင်(၁)ဖာလုံရှိသည့် လမ်းအား ကတ္တရာလမ်း၊ ထပ်ပိုုးလွှာခင်းပေးခြင်း ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ခြင်းမရှိပါသဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမည်ဆိုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(၃) ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော ကော့တွန်-ကော့ပေါက်ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အမြန်ဆုံးဖောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသောမေးခွန်း နှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာများဖြစ်သည့် ကော့တွန်၊ ကော့ပေါက်၊ ကော့စိန် ကျေးရွာချင်းဆက်လမ်း အရှည် (၆၀၇၀)ပေ၊ အကျယ်(၁၅)ပေ၊ ထု(၉)လက်မ ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာ ထားနိုင်ခြင်း မရှိသည့်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားခဲ့ရာ ထပ်ဆင့်မေးခွန်း အနေဖြင့်ကိုးရီယားနိုင်ငံမှ GRANT အနေဖြင့် ကျေးရွာများအား ကုန်ကျမှုမရှိစေဘဲ ပေး လှူမည်ဖြစ်ကြောင်း၊ ပေးလှူသည့်တန်ဖိုးသည် သိန်းပေါင်း(၄၅၀၀၀)တန်ဖိုးရှိပါကြောင်း၊ ကျောက်လမ်းအား GRF မှဖြစ်ဖြစ်၊ ၂၀၁၉-၂၀၂၀ BE တွင် သိန်း ၁၅၀၀-၂၀၀၀ခန့် ခွဲဝေပေးပါက အဆင်ပြေကြောင်း မေးမြန်းရာ ကိုယ်စားလှယ်ပြောသည့် အချက်များအား မှတ်သားထားမည်ဖြစ်ကြောင်း၊ လမ်းနှင့်ပတ်သက်ပြီး လက်ရှိ လျှပ်စစ်မီး ရရှိရေး အရေးပေါ်အနေဖြင့် လိုအပ်နေသည့်အနေအထားတစ်ရပ်ကို တွေ့ရှိရကြောင်း၊ ပြည်နယ် နတလရန်ပုံငွေမှ ထည့်သွင်းလျာထားခြင်းမရှိသည့်အတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရန်ပုံငွေရရှိနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဌာနသို့ဖြစ်ပေါ်နေသည့်အခက်အခဲကို တင်ပြပြီး၊ ပြည်ထောင်စုရန်ပုံငွေ ထည့်သွင်း လျာပေးနိုင်ရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါ သည်။
(၄) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ဘီးလင်းမြစ်ရေအရည်အသွေးသည် အများပြည်သူသောက်သုံးရန် အန္တရာယ်ရှိနေသည့်အတွက် ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲအခြေအနေများအတွက် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မေးခွန်းပါ လုပ်ငန်း များသည် ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်အဆင့်ပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်း များဖြစ်နေခြင်း၊ ရေရှည်စီမံကိန်းဖြင့် အသေးစိတ်စီမံများနှင့် ဆောင်ရွက် ရမည့်လုပ်ငန်း များဖြစ်နေခြင်း ပြည်စုံစွာဖြေကြားနိုင်ရေးအတွက် အချိန်လုံလောက်မှုမရှိခြင်း တို့ကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ပြန်လည် ဖြေကြားနိုင်ခြင်း မရှိပါကြောင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၁-၆-၂၀၁၉)ရက်စွဲပါစာဖြင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဇွန်လ(၁၃)ရက်နေ့ပါစာဖြင့် မွန်ပြည်နယ်လွှတ်တော်သို့ ညှိနှိုင်း ပြန်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းပါအကြောင်းအရာများအား ဖြေကြားနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို သဘောထားတောင်းခံခြင်း၊ အကြံပြုချက်များရယူခြင်းနှင့် လိုအပ်သလို ညွှန်ကြားမှုများပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအမံများ၊ ညှိနှိုင်းအကြံပြုချက်များရရှိပြီးမှသာလျှင် ပြည်နယ်လွှတ်တော်သို့ ဖြေကြားနိုင်မည်ဖြစ်သည့်အတွက် နောင်တွင်ကျင်းပပြုလုပ်မည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ဖြေကြားနိုင်မည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ပြည်ထောင်စုနှင့်ဆက်သွယ်၍ ရေတို/ ရေရှည်စီမံကိန်းများလုပ်ဆောင်မည်ဆိုပြီး ဝန်ကြီး ဖြေသွားကြောင်း၊ ဆောင်ရွက်ပြီးဆိုပါက လွှတ်တော်သို့စာဖြင့် ပြန်ဖြေကြားပေးရန် လွှတ်တော်ဥက္ကဋ္ဌမှ ပြောကြားပါသည်။
(ခ) ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်အစိုုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် တို့မှဆွေးနွေးခြင်း၊
(ဂ) ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်း၊
၃။ အစည်းအဝေးကို နံနက်(၁၁ း ၂၀)နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် ကြောင်းကြေညာပါသည်။





