ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ဒုတိယနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဇွန်လ ၁၃ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)(ဒုတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပထမမေးခွန်းအနေဖြင့် ဝေးလံသီခေါင်၍ လူမှုရေးခက်ခဲသောဒေသများ ပြင်ဆင်သတ်မှတ်ခဲ့ရာတွင် ဘီးလင်းမြို့နယ်အတွင်းရှိ ခက်ခဲဝေးလံသောဒေသများ ကျန်ရှိ နေခဲ့သည့်အတွက် ကူညီဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း၍မေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ဖြေကြားရာတွင် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ်သတ်မှတ်ရန်ကျန်ရှိသည့် ဘီးလင်းမြို့နယ်မှ စူးချောင်း၊ မဲပလီ၊ ဝင်းတာပန်၊ ကြိုးဝိုင်းကျေးရွာများနှင့် အဟုံးဝ၊ ကွင်းကလေးကျေးရွာတို့ကို ဝေဒလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသအဖြစ်သတ်မှတ်မှုရရှိရေးအတွက် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီမှ တောင်းခံပြီး၊ ပြည်နယ်အဆင့် စိစစ်ရေး ကော်မတီမှ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။
(၂) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော သထုံမြို့နယ်အတွင်းရှိ ဝါးပါးဆည်နှင့်စပ်လျဉ်း၍ မေးမြန်းရာ စိုက်ပျိုး မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ဖြေကြားရာတွင် မွန်ပြည်နယ်အတွင်းရှိ ဆည်များရဲ့ရေအရည်အသွေးများကို ယခုနှစ်မှစတင်၍ နှစ်စဉ်အနည်းဆုံး (၃)ကြိမ် တိုင်းတာ စစ်ဆေးနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ စူးစမ်းလေ့လာရေးဌာနခွဲနှင့်ညှိနှှိုင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝါးပါးရေလှောင်တာမံရဲ့ ရေးဆင်းဧရိယာ ပြုပြင်ပြောင်းလဲမှုများကြောင့် ရေအရည်အသွေးကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်လျက်ရှိပါကြောင်း၊ ဝါးပါးဆည်ရဲ့သောက်သုံးရေ အရည်အသွေးများကို (၂၅.၂.၂၀၁၉)ရက်နေ့တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)စူးစမ်း လေ့လာရေးဌာနခွဲ၏ စစ်ဆေးတွေ့ရှိချက်အရ ဝါးပါးဆည်ရေကို ကျောက်ချဉ်ထည့်၍ အနည်ထိုင်ခြင်း၊ သဲနှင့်ကျောက်စရစ်ရေစစ်လွှာများစစ်ယူခြင်းနှင့် အနည်မှုန်ပါဝင်မှု၊ သံဓာတ်ပါဝင်မှုလျော့ပါးစေမည့်နည်းလမ်းဖြင့် ပြုပြင်ဖန်တီးမှသာ သံဓာတ်သာမကဘဲ ညစ်ညမ်းမှုများဖြစ်တဲ့ BOT, COD ဓာတ်များကိုပါ လျော့ချစေပြီး သောက်သုံးရေအရည် အသွေးများ မြင့်တက်လာမှာဖြစ်ကြောင်း၊ ဝါးပါးဆည်ရဲ့ရေအရည်အသွေးများကို သောက်သုံးရေဖြင့်လည်းကောင်း၊ စိုက်ပျိုးရေဖြင့်လည်းကောင်းအသုံးပြုနိုင်ရန် သင့်၊ မသင့်ကို စဉ်ဆက်မပြတ်တိုင်းတာစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် ဝါးပါးဆည်ရဲ့ပတ်ဝန်းကျင်မှာတည်ရှိနေသည့် ရော်ဘာခြံ တွေသည် ဆည်မြောင်းဥပဒေအရ ဆည်ရဲ့အနီးတစ်ဝိုက်မှာ Fertilizer သုံးတဲ့စိုက်ပျိုးရေး ခြံတွေထားရှိလို့ ရပါသလား၊ Fertilizer တွေက ဆည်ရေတွင်းကို ဝင်လာနိုင်ခြင်းရော မရှိနိုင်ဘူးလား။ ဥပဒေအရ ဒီရော်ဘာခြံတွေစိုက်ပျိုးနေမှု၊ ဓာတ်မြေသြဇာသုံးစွဲမှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးအရေးယူ စီမံဆောင်ရွက်နေသလဲဆိုတာ သိချင်ပါကြောင်းမေးမြန်းရာ ဝါးပါးဆည်ရေအရည်အသွေးကို နွေ၊ မိုး၊ ဆောင်း အနည်းဆုံး တစ်နှစ်သုံးကြိမ်(၃)ကြိမ်စစ်ဆေးပြီး ရရှိသည့်အဖြေကိုလည်း တင်ပြသွား မည်ဖြစ်ကြောင်း၊ ဆည်ပတ်ဝန်းကျင်တွင် ရော်ဘာပင် စိုက်ပျိုးလို့ ရ၊ မရ အသေးစိတ် အချက်အလက်ကို မိမိအနေဖြင့် ပြန်လည်လေ့လာပြီး လွှတ်တော်သို့စာဖြင့် ပေးပို့မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
(၃) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ မေးမြန်းသော ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ဓနိတောမြေနှင့်စပ်လျဉ်း၍ မေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက အဆိုပါမြေယာနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုကိုဦးတို့အားမေးမြန်းရာတွင် ရောင်းချထားခြင်းမရှိကြောင်းသိရှိရပြီး၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန် ဖြစ်ပေါ်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ သေသေချာချာလေ့လာစုံစမ်းစေလိုကြောင်း မေးခွန်းရှင်ကိုယ်စား လှယ်မှ တိုက်တွန်းခဲ့ပါသည်။
(၄) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော မွန်ပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့်တည်ဆောက်ထားသော လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့်အဆောက်အဦများအား လွတ်လပ်သော Third Party ထားပြီး တာဝန်ခံစစ်ဆေးပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က လုပ်ငန်းစဉ်အဆင့်ဆင့်များ အစိုုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေခြင်းသည် ဒေသခံ ကုမ္ပဏီငယ်များ၊ SME construction ကုမ္ပဏီငယ်များကို Third Party လုပ်ငန်းစဉ် အဆင့်ဆင့် နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် လေ့ကျင့်ခြင်းသာဖြစ်ကြောင်း၊ သို့ပါ၍ နောင်တွင် Third Party အဖွဲ့များဖွဲ့စည်း၍ တည်ဆောက်ရေးလုပ်ငန်းများ၊ စိစစ်ခြင်းဆောင်ရွက်မည်ဖြစ်သဖြင့် Third Party အဖွဲ့များဖွဲ့စည်းဆောင်ရွက်နိုင်ရန် အစီအစဉ်များကို လက်ရှိစနစ်တကျဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် တီကော်ဖွဲ့စည်း စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဦးစီး (သို့မဟုတ်) ဌာနတွင်း QC ကို ပြောနေခြင်းဖြစ်ကြောင်း၊ မိမိမေးမြန်းသည်မှာ အစိုးရအဖွဲ့မှ QC အတွက် ပိုက်ဆံပေးပြီး professional ကုမ္ပဏီအားတင်ဒါခေါ်၍ မြို့နယ်အလိုက် တင်ဒါအောင် သည့် ကုမ္ပဏီကလမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံးစသည်ဖြင့် လိုက်စစ်ပေးမည်ဖြစ်ပြီး Third Party ကို သီးခြားထား ကုမ္ပဏီများကိုတင်ဒါခေါ်ပြီး QC စစ်ဆေးခိုင်းခြင်း အစီအစဉ်ကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ မေးမြန်းရာ ဝန်ကြီးမှ အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေထည့်သွင်းရေးဆွဲဖွဲ့စည်းရန်အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ
တင်သွင်းသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်
မွန်ပြည်နယ်၏ အောင်ချက်တစ်နိုင်ငံလုံး၌ အကောင်းဆုံးရရှိခြင်းအပေါ် ဝမ်းသာကြောင်းအဆိုနှင့်
စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဗိုလ်မှူးစိုးသူရ၊ တပ်မတော်သားလွှတ်တော်
ကိုယ်စားလှယ်၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်
မှတ်(၁)တို့မှဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ
သဘောထားရှင်းလင်းတင်ပြခြင်းနှင့် အဆိုရှင်မှဆွေးနွေးခြင်း။
(ဂ) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ
တင်သွင်းသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်
မွန်ပြည်နယ်၏ အောင်ချက်တစ်နိုင်ငံလုံး၌ အကောင်းဆုံးရရှိခြင်းအပေါ် ဝမ်းသာကြောင်းအဆိုနှင့်
စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်းကြေညာခြင်း၊
၃။ အစည်းအဝေးကို နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (တတိယနေ့)ကျင်းပမည့်ရက်ကို (၁၄.၆.၂၀၁၉)ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။





