4240

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၉ ရက်)

၁။      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက် ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည် –

(က)    ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ရယူပြီးဖြစ်သော ဦးလှထွန်းမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

(ခ)    ကြယ်ပွင့်ပြမေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော အစင်စံပြကျေးရွာနှင့်ဒူးယားကျေးရွာကို ဆက်သွယ်ထားသော ကုန်ထုတ် လမ်းအား ပြုပြင်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင် သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ရေးမြို့နယ်၊ အစင်စံပြ ကျေးရွာနှင့် ဒူးယားကျေးရွာကိုဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကုန်ထုတ်လမ်း၊ မြို့ဟောင်း-ဒူးယားလမ်း(၄/၂)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အတွက် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေ ရရှိမှုအခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါသဖြင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။

(၂)    ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းရှိ ကျေးရွာထင်းစိုက်ခင်းများ၏ ဧက၊ ဧရိယာ နှင့်တစ်ပြည်နယ်လုံးရှိ စုစုပေါင်းဧကကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ကျေးရွာထင်းစိုက်ခင်း နှင့်ပတ်သက်၍ မွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင်အနေဖြင့် တည်ထောင်ဧက(၂၃၅၀) ဧက၊ လွှဲပြောင်းဧက(၁၈၈)ဧက၊ ပျက်စီးဧက(၂၀၁၂)ဧက၊ ပယ်ဖျက်ဧက (၁၅၀)ဧက၊ သထုံခရိုင်အနေဖြင့် တည်ထောင်ဧက(၈၀၀)ဧက၊ လွှဲပြောင်းဧက(၁၉၀)ဧက၊ ပျက်စီးဧက (၄၈၀)ဧက၊ ပယ်ဖျက်ဧက(၁၃၀)ဧကရှိပြီး၊ မွန်ပြည်နယ်တစ်ပြည်နယ်လုံး အနေဖြင့် တည်ထောင်ဧက(၃၁၅၀)ဧက၊ လွှဲပြောင်း(၃၇၈)ဧက၊ ပျက်စီးဧက(၂၄၉၂)ဧက၊ ပယ်ဖျက် ဧက(၂၈၀)ဧကဖြစ်ပါကြောင်းနှင့် မြို့နယ်အလိုက်ကျေးရွာထင်းစိုက်ခင်းများ အခြေအနေကို ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ကျေးရွာထင်းစိုက်ခင်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းခဲ့တဲ့နေရာမှာ ရည်ရွယ် ချက်ကောင်းမွန် စွာနဲ့ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးနောက် ကျေးရွာထင်းစိုက်ခင်းတွေကို Focal Person ဖြစ်တဲ့သစ်တောဦးစီးဌာနအောက်တွင် ဖွဲ့ပေးထားသည့် ကြီးကြပ်ရေးကော်မတီ၊ အသုံးပြုသူများအဖွဲ့ ၎င်းအဖွဲ့တွေအပေါ်မှာကြီးကြပ်ပြီး ပြန်လည်ထိန်းသိမ်းထားခြင်းရှိ၊ မရှိ၊ ကျေးရွာများအား လွှဲပြောင်းပေးထားသည်ဆိုသည့်ဧကများ မြေပြင်တွင်တကယ်ရှိပါသလား ဒါမှမဟုတ် တစ်ဦးတစ်ယောက်ပုဂ္ဂလိကပိုင်ဖြစ်နေပါသလား၊ ကျေးရွာထင်းစိုက်ခင်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ကျေးရွာထင်းစိုက်ခင်းဥပဒေအတိုင်း ပြန်လည်ဆောင်ရွက်ဖို့အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးမှ ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ကျေးရွာထင်းစိုက်ခင်းနဲ့ဆောင်ရွက်ထားတဲ့ကိစ္စမရှိကြောင်း၊ ယခင်က နိုင်ငံ တော်ငွေကြေးနဲ့ စိုက်ပျိုးခဲ့သည့်သစ်တောစိုက်ခင်းရှိပြီး ၁၉၉၂ခုနှစ် သစ်တောဥပဒေအရ သော်လည်းကောင်း၊ နည်းဥပဒေအရသော်လည်းကောင်း၊ သစ်တောဦးစီးဌာနမှနေပြီး ငွေကြေးစိုက်ထုတ်၍ နိုင်ငံတော်၏ငွေလုံးငွေရင်းဖြင့် စိုက်ထားသည့်စိုက်ခင်းများဖြစ် ကြောင်း ၎င်းစိုက်ခင်းများသည် နည်းဥပဒေအရ ကျေးရွာမှသုံးစွဲမည့်ကြီးကြပ်မှုကော်မတီကို လွှဲပြောင်းပေးပြီးပါက သစ်တောဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်မရှိတော့ဘဲ ကြီးကြပ်မှုကော်မတီ နှင့်အသုံးချသူများအဖွဲ့မှ ထင်းစိုက်ခင်းကို ခုတ်ယူခြင်း၊ ခွဲဝေခြင်း၊ စိုက်ပျိုးခြင်း လုပ်ငန်း များကို စီမံခန့်ခွဲပါကြောင်၊ နောက်ပိုင်းတွင် ရာဘာပင်များကျူးကျော်စိုက်ပျိုးလာသည့် အတွက် နိုင်ငံတော်၏ငွေလုံးငွေရင်းဖြင့်စိုက်ထားသည့် စိုက်ခင်းများပျက်စီးယိုယွင်းကာ လက်ကျန်မရှိသလောက်ဖြစ်နေကြောင်း၊ ပြဋ္ဌာန်းထားသည့် ထင်းစိုက်ခင်းဥပဒေအရ စိုက်ခင်းတည်ထောင်မည်ဆိုပါက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် တင်ပြပြီး ဥပဒေအရသစ်တောဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထင်းစိုက်ခင်းနှင့် ပတ်သက်၍ ဥပဒေအရတည်ထောင်ထားသည့် ထင်းစိုက်ခင်းမရှိပါသဖြင့် ဥ့ဒေအရတည် ထောင်ထားသည့်စိုက်ခင်းဖြစ်ပါက ဥပဒေအရအရေးယူဆောင်ရွက်မှုရှိလာမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

(၃)    ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ မေးမြန်းသော မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့ပြီး မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ထိန်းကျောင်းသွားမည်ကို သိရှိ လိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ကျိုက်မရောမြို့နယ်တွင် MIC ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ကော်မတီ(၃)ခုရှိပြီး June Cement Industry Limited နှင့် Myanmar-Korea Cement Group Company Limited ယင်းကုမ္ပဏီနှစ်ခုသည် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သော်လည်း အခြားဌာနဆိုင်ရာ၏လိုအပ် သော ခွင့်ပြုမိန့်များမပြည့်စုံသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုနှောင့်နှေးနေခြင်းဖြစ်ပြီး လုံးဝလုပ်ငန်းဆောင်ရွက်မှုမရှိခြင်းမဟုတ်ပါကြောင်းနှင့် အဆိုပါကုမ္ပဏီနှစ်ခု၏ လုပ်ငန်း ဆောင်ရွက်မှုများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့တို့မှလည်း နှစ်စဉ်ပုံမှန် ကွင်းဆင်းကြီးကြပ်ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်းဖြေကြားပါသည်။  ဆက်စပ်မေးခွန်းအနေဖြင့် ကုမ္ပဏီများမှ ၂၀၁၉-၂၀၂၀တွင် Construction Period ကုန်ဆုံးမှာဖြစ်တဲ့အတွက် ကုမ္ပဏီတွေကို ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သဘောထားမှတ်ချက်ပေးတဲ့အခါမှာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတဲ့သဘောထားမှတ်ချက်မျိုးပေးဖို့ အစီအစဉ်ရှိ၊ မရှိ၊ ကုမ္ပဏီအနေဖြင့် မြေပြင် တွင် ဘာမှမလုပ်ဘဲ Permit ကိုင်ထားပြီး (၃)နှစ်ပြည့်လျှင် သက်တမ်းတိုးတယ်ဆိုသည့် ကိစ္စသည် ယုတ္တိဗေဒမဆန်သည့်ကိစ္စဖြစ်၍ ၎င်းကိစ္စမျိုးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိရောက်သည့်ဆောင်ရွက်မှုပြုလုပ်ပေးဖို့အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးမှ ကုမ္ပဏီမှလုပ်ငန်းဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိကို MIC ရဲ့သက်တမ်း(၃)နှစ်ပြည့်မှသာ ပြည်နယ်အစိုးရအနေဖြင့် ဆုံးဖြတ်၍ရမှာဖြစ်ပြီး (၃)နှစ်အတွင်း သက်ဆိုင်ရာ MIC ရဲ့ Permit ကိုရယူထားသည့် ကုမ္ပဏီအနေနဲ့လုပ်ငန်းဆောင်ရွက်ခြင်းမရှိခဲ့ပါက MIC က လုပ်ငန်း(၃)နှစ်ပြီးလို့ သဘောထားမေးမြန်းလာသည့်အချိန်တွင် ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းဆောင်ရွက်ထားခြင်းမရှိလျှင် မရှိဟု သဘောထားမှတ်ချက်ပေးသွားမှာဖြစ်သလို လုပ်ငန်းဆောင်ရွက်ထားလျှင်လည်း ရာခိုင်နှုန်းဘယ်လောက်ဆောင်ရွက်ထားတယ်ဆိုတာ ကိုသဘောထားမှတ်ချက်ပေးသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုမရှိသည့်ကုမ္ပဏီ အား ပြည်နယ်အစိုးရအဖွဲ့မှ နှစ်ကြိမ်တိုင်တွန်းအားပေးဆောင်ရွက်ထားပါကြောင်း ပြန်လည် ဖြေကြားပါသည်။

(ဂ)     စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးမှ တင်သွင်းသော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်နှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တို့မှဆွေးနွေးခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးမှ ရှင်းလင်းဆွေးနွေးခြင်း၊

(ဃ)   စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးမှ တင်သွင်းသော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်နှင့်စပ်လျဉ်း၍  ကိုယ်စားလှယ်များ၏ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်း၊

(င)     မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှ တင်ပြသော မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၈ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှဆွေးနွေးခြင်းနှင့် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီး မှ ရှင်းလင်းဆွေးနွေးခြင်း၊

(စ)     မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှ တင်ပြသော မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၈ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်မှမှတ်တမ်းတင်ကြောင်းကြေညာခြင်း၊

(ဆ)    မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်မှ တင်ပြသော မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အစီရင်ခံကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည် ဖြစ်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ပါကြောင်း ကြေညာ ခြင်း၊

(ဇ)     မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်းနှင့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံတွင် (၉.၅.၂၀၁၉)ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

(ဈ)     မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ မွန်ပြည်နယ်ဈေးများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းသို့ တည်နေရာပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တို့မှ ဆွေးနွေးခြင်း၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်မှရှင်းလင်းဆွေးနွေးခြင်းနှင့် ယင်းကိစ္စတင်ပြခြင်းအား လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် ကြောင်းကြေညာခြင်း၊

၃။       အစည်းအဝေးကို  နေ့လည်  (၁၂ း ၃၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပမည့်ရက်ကို (၁၀.၅.၂၀၁၉)ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။