3815

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်)

၁။       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၂၉ )ဦး တက်ရောက် ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)    ပြည်နယ်ဝန်ကြီးချုပ်မှ မွန်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း ပြီး ကူညီလှူဒါန်းသူများ၊ ပါဝင်ဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားမြွက်ကြားခြင်း၊

(ခ)     ပြည်နယ်ဝန်ကြီးချုပ်မှ မွန်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း ပြီး ကူညီလှူဒါန်းသူများ၊ ပါဝင်ဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကားမြွက်ကြားခြင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊

(ဂ)    ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် ဘီးလင်းမြို့နယ်၊ ကတီပု (မူလွန်)မှ ကတီပု(အလက-ခွဲ)အဆင့်သို့ ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ကတီပု (မူလွန်)ကိုအခြေခံတဲ့ လာမည့် (၇)နှစ်တွင်ဖြစ်ပေါ်လာမည့် ကတီပု (အထက-ခွဲ)အတွက် လိုအပ်သော ကျောင်းမြေ (၁၀)ဧကကို မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ ဘီးလင်းမြို့နယ်ပညာရေးမှူးသို့ အဆင့်ဆင့်တင်ပြတောင်းခံလာပါက ပြည်နယ်ပညာရေးမှူးရုံးမှတစ်ဆင့် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်သို့ ဆက်လက် တင်ပြတောင်းခံသွားစေမည်ဖြစ်ကြောင်း၊ လိုအပ်သည့်မြေဧရိယာရရှိရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်   ကျောင်းအဆင့်တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ ဘီးလင်းမြို့- မြို့နယ်ပညာရေးမှူးများက တင်ပြလာပါက ပြည်နယ်ပညာရေးမှူးရုံးမှ တစ်ဆင့်အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ (၂၀၁၉-၂၀၂၀)ပညာသင်နှစ်အတွက် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ကျောင်းသား၊ ဆရာ အချိုးအရ လိုအပ်နေသော ဆရာ/ဆရာမဦးရေကို ပြည်နယ်ပညာရေးမှူးရုံးမှတစ်ဆင့် အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ ဆက်တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ထပ်ဆင့်မေးခွန်းအနေဖြင့် ကိုယ်စားလှယ်မှ လွှတ်တော်တွင်တရားဝင် တင်ပြထားသည်လို့ မှတ်ယူရန်နှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ ဆက်စပ်မေးမြန်း ရာ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်ကို ပြည်နယ်ပညာရေးမှူးရုံးသို့ ဦးစားပေး ဆောင်ရွက်ပေးရန် ညွှန်ကြားပေးမည်ဖြစ်ကြောင်း၊ ပညာရေးကိစ္စများသည် ပြည်နယ်မှ ဆုံးဖြတ်ခွင့်မရှိသဖြင့် ပြည်ထောင်စု သို့ တင်ပြရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စုသို့ တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

(၂)    ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ မေးမြန်းသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသည် လုပ်ငန်းတာဝန်အရ ဆောင်ရွက်ခဲ့ခြင်းများအပေါ် တစ်ဦးတစ်ယောက်မှ တရားစွဲဆို လာမည်ဆိုပါက သက်ဆိုင်ရာမိခင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲစခန်း၊ တရားရုံး များအကြား ကောင်းမွန်သောညှိနှိုင်းဆောင်ရွက်မှုများ ထားရှိသင့်သည်ကို ဖြေကြားပေးရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဦးဟာ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းချက်ပုဒ်မ (၁၅)၊ ပုဒ်မခွဲ (ဂ)အရ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊ မဖြစ်သေးခင် သက်ဆိုင်ရာတရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရစဉ်ကာလအတွင်းတာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းကို ပြုလုပ်ခွင့်ရှိ/ မရှိ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးဦးဟာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ကျူးလွန်ကြောင်းသက်ဆိုင်ရာ တရားရုံး တစ်ခုခုမှ စစ်ဆေးပေါ်ပေါက်စီရင်ခြင်းခံရသဖြင့် ပြစ်မှုပြစ်ဒဏ်များကို ခံယူပြီးတဲ့နောက် နောက်တစ်ကြိမ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှုတွင် အရည်အချင်းသတ်မှတ်ချက်အရ ပြန်လည်အရွေးခံခွင့် ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍  ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့က  မိခင်ဌာနဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်း၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းတရားစွဲဆိုခွင့်ပြုမိန့် ပေးသင့်သည့်ကိစ္စရပ်ဟုတ်/မဟုတ်ကို အဆုံးအဖြတ် ပြုနိုင်မှာ ဖြစ်ပါကြောင်း၊ တရားစွဲဆိုပြီးပါက သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲစခန်း၊ တရားရုံးများအကြား ကောင်းမွန်သောညှိနှိုင်းဆောင်ရွက်မှုများ ထားရှိရန်မဖြစ်နိုင် ပါကြောင်းနှင့်တရားစွဲဆိုပြီးပါက သက်ဆိုင်ရာတရားရုံးများတွင် ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန်သာဖြစ်ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက် လျှင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက အဖွဲ့ဖြင့်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းကို ပြုလုပ်ခွင့်ရှိကြောင်း အတိအကျပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ၁၅ ၊ ပုဒ်မခွဲ (ခ)၊ (ဂ)နှင့်(စ)အရ တာဝန်မှရပ်စဲ ခံထားရသူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟာ ပုဒ်မ ၁၆-က အရ တစ်ဆက်တစ်စပ်တည်း ဖြစ်သောသက်တမ်း(၂)ကြိမ်တွင် ပြန်လည်အရွေးခံခွင့်မရှိပါကြောင်း ဖြေကြားအပ်ပါ သည်။

(၃)    ဦးဇော်ဇော်ထူး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ အချို့သောစမ်းချောင်းများကိုပိတ်၍ ကျူးကျော်ခြံ ခတ်ခြင်း၊ အိမ်ဆောက်ခြင်းများအပေါ် မည်ကဲ့သို့ဖယ်ရှားအရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ကို သိရှိလိုသောမေးခွန်နှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ကျူးကျော်ဆောက်လုပ်ထားသော နေအိမ်များ၊ အိမ်ခြံမြေများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် စိစစ်ပြီး စနစ်တကျ စာရင်းပြုစုတင်ပြနိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြား ခဲ့ကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိစစ်တင်ပြချက်အရ ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့်ချောင်းဆုံမြို့နယ်များတွင် တိုးခဲ့ကျူးကျော်ဆောက်လုပ်ထားခြင်းမရှိပါကြောင်း၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု (၄၀)ဦး၊ ဇင်းကျိုက်မြို့ (၄၈)ဦး၊ ကဒါရပ်ကွက် (၂)ဦးနှင့် ကဒုံးစီးရပ်ကွက် (၃)ဦးကျူးကျော်ထားကြောင်း၊ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ထံလမ်းညွှန်မှုခံယူ၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။  ထပ်ဆင့်မေးခွန်းအနေဖြင့် အရေးယူမှုတစ်ခုမှ မရှိကြောင်း၊ မည်သည့်အချိန်ကာလတွင် အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်းမေးမြန်းရာ  အရေးယူ ဆောင်ရွက်မှု အချိန်ကာလအနေဖြင့် (၁)လအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။

 (၄)   ဦးမင်းအောင်မွန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော ကျိုက်မရောမြို့နယ်၊ ဖားဘောင်တူးမြောင်းနှင့် ညောင်လိုင်းချောင်းရှိ ရေတံခါး (၂)စင်းအား သစ်သားရေတံခါးမှ ကွန်ကရစ်ရေတံခါးသို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ပြည်နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေတံခါး (၂)ခုအား ဆောင်ရွက်ပေးရန်အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားသည့်လုပ်ငန်းစာရင်းတွင် ပါဝင်ခြင်းမရှိသဖြင့် လုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။

(၅)    ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မေးမြန်းသော မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံတွင် အလောင်းထုတ်ယူမှု နှင့်ပတ်သက်ပြီး သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍  လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က အလှူငွေထည့်ဝင်မှသာ အလောင်းအားထုတ်ပေးခြင်းမဟုတ်ကြောင်း၊ မှုခင်းနှင့် စပ်လျဉ်းသည့် အလောင်းကို တနင်္ဂနွေနေ့တွင် ထုတ်ယူခွင့်မရှိပါကြောင်းနှင့် ရင်ခွဲရုံစောင့် ဝန်ထမ်းများအား နွေထွေပျူငှာစွာဆက်ဆံပေးနိုင်ရေးကို တာဝန်ရှိသူများမှ ထိန်းကျောင်း ကြပ်မတ်ညွှန်ကြားပေးရန် စီစဉ်ထားပြီးဖြစ်ပါကြောင်းဖြေကြားပါသည်။ ထပ်ဆင့်မေးခွန်း အနေဖြင့် အလောင်းလာရောက်ထုတ်ယူသည့်ရက်သည် တနင်္ဂနွေနေ့ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့တွင် အလောင်းထုတ်ယူခွင့်မရှိပါက တရားဝင်ညွှန်ကြားချက် ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ညွှန်ကြားချက်ထုတ်ပေးရန် အစီစဉ်ရှိပါကြောင်းပြန်လည် ဖြေကြားပါသည်။

(ဃ)   အဆို (၃)ခုတင်သွင်းခြင်း

(၁)     မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသူများအား ကျေးဇူးတင်ဝမ်းသာကြောင်းအဆိုကို ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က တင်သွင်းပြီး ဦးရွှေမြင့်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၁၂-၉-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)  ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(၂)     မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုပ်သိမ်းပေးရန်တိုက်တွန်းကြောင်းအဆိုကို ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က တင်သွင်းပြီး ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၁၂-၉-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(၃)     လျှပ်စစ်မီးလင်းရေးကော်မတီများ တာဝန်နှင့်လုပ်ပိုင်ခွင့်များဆိုင်ရာ အဆိုကို ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)က လက်ခံဆွေးနွေးခဲ့သည်။ အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင်(၁၂-၉-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို  နေ့လည် (၁၂)နာရီ(၁၀) မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပမည့်ရက်ကို (၁၃-၉-၂၀၁၈)ရက် (ကြာသပတေးနေ့)နံနက် (၁၀)နာရီတွင် ဆောင်ရွက်ပါမည်။