ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(သတ္တမနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ ဇွန်လ ၈ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၈ ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁) ဦးအနက် (၃၀)ဦးတက်ရောက် ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း( ၄ )ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိပျက်စီးနေသော အမှတ်(၂)အခြေခံပညာမူလတန်း (လွန်) ကျောင်းအသစ် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ ယခုလက်ရှိကျောင်းဆောင်(၁၂၀’x၂၄’)သည် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်းဖြစ်ပါသည်။ ပျက်စီးမှုအခြေအနေမှာကြမ်းခင်း(ပျဉ်ခင်း)သာဖြစ်ပြီး (၃၀-၇-၂၀၁၈)ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးကာ ကုန်ကျစရိတ်များကို တွက်ချက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလ) ဘတ်ဂျက် အတွင်း သာမန်ပြင်ဆင်ထိန်းသိမ်းရန်ပုံငွေ(၀၄၀၂)မှ ခွဲဝေဆောင်ရွက်နိုင်ရန် အမှုတွဲ တောင်းခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၂) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မွန်ပြည်နယ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း နှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ကျောက်ထုတ်လုပ် ခွင့်လိုင်စင် စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ ကျောက်ထုတ်လုပ်လျက်ရှိသော နေရာများ၊ ရှိနေခဲ့ပါက ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောက်မိုင်းထုတ်လုပ်ခြင်းကြောင့် ဒေသခံပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများဖြစ်ပေါ်မှုရှိခဲ့ပါက လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အရေးယူေ ဆာင် ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် (၁၀)မြို့နယ်ရှိ ကျောက်မိုင်းများကို အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးဖို့အစီအစဉ်ရှိ/မရှိမေးမြန်းရာ ပြည်သူများ ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်သူများ မှတင်ပြလာပါက လိုအပ်သောစုံစမ်း စစ်ဆေးမှုများကိုဆောင်ရွက်စေပြီး စစ်ဆေးတွေ့ရှိ မှုအပေါ် မူတည်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၃) ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ဘီးလင်းမြို့နယ်ရှိ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ ဘီးလင်းမြို့နယ်၊ နတ်ကြီး အခြေခံပညာအလယ်တန်းကျောင်းကို (၂၀၁၈-၂၀၁၉)ပညာ သင်နှစ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် တိုးမြှင့်ပေးနိုင်ရေးအတွက်ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာဦးစီးဌာန၏ (၂၄-၅-၂၀၁၈)ရက်စွဲပါစာအမှတ် ၊ ဌာနခွဲ(၁-ဂ)/၇၇၉၅/ ကျောင်းတိုး(၂၀၁၈)အရ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဖြင့် တိုးမြှင့်ပေးပြီးဖြစ် ပါကြောင်း၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာ (အ.မ.က)သည် မျက်မြင်အခြေအနေအရ အမိုး၊ ကြမ်းခင်းနှင့် ဖရိန်ကောင်းမွန်သည့်အတွက် အန္တရာယ်ရှိကျောင်းဆောင်ဟု မသတ်မှတ်ပါ။ သို့ဖြစ်ပါ၍ ၎င်းကျောင်းဆောင်ကို မျက်နှာကြပ်တပ်ဆင်ခြင်း၊ အသစ်နံရံအချောကိုင်ခြင်း၊ ဆေးသုတ်ခြင်း၊ လိုအပ်သောတံခါးရွက်များလှဲလှယ်ခြင်းတို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ) (၀၄၀၂)သာမန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အ.မ.က(လွန်) (ကဒီပူ)၊ အ.မ.က ဘုရားဆိပ်ကျောင်းများကို အခြေခံပညာအထက်တန်း ကျောင်းအဆင့်သို့ အဆင့်ဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် နောင်လာမည့် (၇နှစ်မှ ၁၀နှစ်) အတွင်းတွင် သတ်မှတ်စည်းကမ်းနှင့်အညီ အဆင့်ဆင့်တိုးမြှင့်သွားနိုင်ရေး တင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအဆောက်အဦရန်ပုံငွေလျာထားရာတွင် အန္တရာယ် ရှိကျောင်းဆောင်ဟုတ်/မဟုတ်ကို ဆောက်လုပ်သည့် ခုနှစ်အရလည်းကောင်း၊ မျက်မြင်အခြေအနေအရလည်းကောင်း၊ အန္တရာယ်ဆောင်အဖြစ် သတ်မှတ်၍ ကျောင်းအုပ် ကြီးမှ တစ်ဆင့် မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူး၊ အခြေခံပညာဦးစီးဌာနသို့ အဆင့်ဆင့်တင်ပြတောင်းခံရပါသည်။ ပညာရေးဌာနတွင်သုံးစွဲသည့် ဘတ်ဂျက်မှာ ပြည်ထောင်စုဘတ်ဂျက်ဖြစ်ပြီး တစ်နှစ်ကြိုတင်လျာထားရသည့် ဘတ်ဂျက်လျာထား မှုစနစ်ဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေအရလိုအပ်၍ ကျောင်းဆောင်အသစ် ဆောက် လုပ်ရန်လုပ်ငန်း လျာထားရာတွင် စာသင်ခန်း(၁)ခန်းတွင် ဝင်ဆံ့ဦးရေစံနှုန်းးအရ ကျောင်းသား၊ ကျောင်းသူ(၁)ဦး(၁၂စတုရန်းပေ)ဖြစ်သဖြင့် မူလတန်းအတွက် (၂၄’x၃၀’) တစ်ခန်းအတွက် ဝင်ဆံ့ဦးရေ (၄၀)သီးနှင့် ထက်/လယ် (၂၄’x၃၀’)တစ်ခန်းအတွက် ဝင်ဆံ့ဦးရေ(၆၀)ဦး ဖြစ်ပါသည်။ အဆိုပါနည်းဖြင့် လျာထားတွက်ချက်၍သော် လည်းကောင်း၊ လွှတ်တော်ကတိကဝတ်များကိုလည်းကောင်း၊ အကြီးအကဲခရီးစဉ် လမ်းညွှန်ချက်များအရလည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ်အရ တင်ပြလာသော ကျောင်းစာရင်းများအရလည်းကောင်း၊ ဒေသအလိုက်လိုအပ်ချက်အရလည်းကောင်း၊ သီးခြားတင်ပြတောင်းခံမှုအရလည်းကောင်း လျာထားတင်ပြခြင်းဖြစ်ပါသည်။ သို့ရာတွင် ပြည်ထောင်စုရန်ပုံငွေအကန့်အသတ်အပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ကျောင်းသားနှင့် ဆရာ/ဆရာမဦးရေအရ လိုအပ် သော ကျောင်းအိမ်သာအခန်းအရေအတွက် ကို (၁း၅၀)စံနှုန်းဖြင့် သတ်မှတ်ဆောင်ရွက် ပါသည်။ စာရင်းကောက်ယူ၍ စိစစ်လျာထားဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်ဆဲဖြစ် ပါကြောင်း၊ မွန်ပြည်နယ်တွင် သန့်ရှင်းသောသောက်သုံးရေ မရရှိသောကျောင်း (၂၃၁) ကျောင်းရှိပါသည်။ စာရင်းကောက်ယူ၍ စိစစ်လျာထားဆောင်ရွက်သွားနိုင်ရန် ပြင်ဆင် ဆဲဖြစ်ပြီး မွန်ပြည်နယ်တွင် မိုးတွင်းကာလတွင် ကျောင်းပရဝဏ်အတွင်း ရေနစ် မြုပ်လေ့ရှိသော စာသင်ကျောင်းပေါင်း(၆၄)ကျောင်းရှိပါကြောင်း၊ မွန်ပြည်နယ်တွင် ခြံစည်းရိုးမရှိသောကျောင်း (၅၆၃)ကျောင်းရှိပါကြောင်း၊ စာရင်းကောက်ယူ၍ စိစစ်လျာထား ဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်ဆဲဖြစ်ပါကြောင်း၊ စာရင်းကောက်ယူစိစစ်ရမည့် လုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်ချက်များအပေါ် မူတည်၍ ဦးစားပေးသတ်မှတ်ပြီး ဘဏ္ဍာငွေရရှိ ရေး လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်း အနေဖြင့် အန္တရာယ်ရှိကျောင်းဆောင်သတ်မှတ်ရာတွင် မြို့နယ်အသီးသီးတွင်ရှိသည့် တည်ဆောက်ရေးကော်မတီ၏ သတ်မှတ်ချက်၊ သဘောထားနှင့် အကြံပေးချက်များ ကျောင်းအကျိုးတော်ဆောင်တို့၏သဘောထားသတ်မှတ်ချက်များပါဝင်သည့် အဖွဲ့ဖြင့် သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပြီး အစည်း အဝေးဆုံးဖြတ်ချက်နှင့်အတူ ပြည်ထောင်စုသို့ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၄) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာနှင့် အင်းဝိုင်းကျေးရွာရှိ (G)မြေအမျိုး အစား၊ (R) မြေအမျိုးအစားအား အခြားနည်းအသုံးပြုခွင့်မရှိဘဲ အိမ်ခြံကွက်များ ရိုက်ထား ခြင်းနှင့် ပတ်သက်၍သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး၊ ဦးထွန်းဌေးမှ သထုံမြို့နယ်အတွင်း လယ်ယာမြေအပေါ်တွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ် ပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိအောင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ချပြရှင်းလင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သထုံမြို့နယ်၊ ဈေးမသွယ်အထက် ကျေးရွာနှင့် အင်းဝိုင်းကျေးရွာများရှိ (G)၊ (R)၊ အမျိုးအစားမြေများအား အခြားနည်း အသုံး ပြုခွင့်မရှိဘဲ အကွက်ရိုက်နေခြင်းကို ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထပ်မံ တားမြစ်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအကြံပြုချက်ရယူပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ထိရောက်စွာအရေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိထားခြင်းမရှိပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အရေးယူဆောင်ရွက်၍ မရပါကြောင်းနှင့် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိထားခြင်းမရှိသော လယ်ယာမြေများပေါ်တွင် ခွင့်ပြု ချက်မရှိဘဲ အခြားနည်းအသုံးပြုထားမှုများအား အရေးယူဆောင်ရွက်လိုပါက ဥပဒေ ပြင်ဆင်ခြင်းသို့မဟုတ် ဖြည့်စွက်ခြင်း သို့မဟုတ် အာဏာတည်သောအမိန့်များ၊ ထုတ်ပြန် ခြင်းများဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၅.၆.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၂၀၀/၅-၃/အဖရ(မွန်) (၀၀၆၇)ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် တရားဝင်လက်ရှိအသုံးပြုလျက်ရှိသော မွန်ပြည်နယ်ကိုယ်စားပြုအလံ သတ်မှတ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်ကိုယ်စားပြုအလံကို အလျား(၆)ပေ၊ အနံ(၄)ပေ အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာအဖိုနှင့် စာသားမပါအား အတည်ပြုခြင်း၊
(ဂ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၏ ” တရား ဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာ လုံခြုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်၊ ဦးချစ်တင်၊ ဦးအောင်ကျော်သူ၊ ဒေါ်မြသိင်္ဂမော်၊ ပြည်နယ်အစိုုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ အဆိုရှင် ဒေါ်ခိုင်ခိုင်လဲ့မှပြန်လည်ဆွေးနွေးခြင်း၊
(ဃ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၏ ” တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာ လုံခြုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်းအဆို” နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ခြင်းအပေါ် ထောက်ခံမဲ (၁၉)မဲ၊ ကန့်ကွက်မဲ(၁၀)မဲရရှိ၍ ယင်းအဆို အားအတည်ပြုခြင်း၊
(င) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ် အနေဖြင့် မေးခွန်း(၃၅)ခုမေးမြန်းဖြေကြားခြင်း၊ ကတိသစ္စာမပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးမင်းထင်အောင်ဟန်အားရာထူးမှနုတ်ထွက်ခွင့်ပြုသည့်အမိန့်အား ဖတ်ကြားခြင်း၊ လစ်လပ်လျက် ရှိသောမွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး၏ လုပ်ငန်းတာဝန် များအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအား ပူးတွဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့တင်ပြအသိပေးခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီဝင်(၁)ဦး ၊ မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေး ဆိုင်ရာကော်မတီဝင်(၁)ဦး၊ မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီဝင်(၁)ဦး အစားထိုးလဲလှယ်ခြင်းတို့အား အတည်ပြုခြင်း၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအား ပြည်သူ့ ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ် ရေးကော်မတီအဖြစ် အမည်ပြောင်းလဲခြင်းကိုအတည်ပြုခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် တရားဝင်လက်ရှိအသုံးပြုလျက်ရှိသော မွန်ပြည်နယ်ကိုယ်စားပြုအလံ၏ အလယ်မှာရွှေရောင် ဟင်္သာနှင့် အောက်ခံအနီရောင်ဖြင့် ပြည်နယ်အလံအရွယ်အစား (၆ပေx၄ပေ)၊ မွန်ပြည်နယ် စာသားမပါ သတ်မှတ်ခြင်းအားအတည်ပြုခြင်း၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှင့်ရသုံးခန့်မှန်း ခြေငွေစာရင်းလျာထားချက်အတည်ပြုခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်၊ ဒုတိယ(၆)လ(အောက်တိုဘာလမှမတ်လအထိ) အစီရင်ခံစာမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် စာရင်းစစ်ချုပ်မှ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနများ၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာမှတ်တမ်းတင်ခြင်း၊ ” တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာလုံခြုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ်မွန်ပြည် နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေးသို့ တက်ရောက်လေ့လာသူ(၁၄၇)ဦးရှိပါကြောင်းတင်ပြ ခြင်း၊
၃။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို မွန်းလွဲ (၁၃)နာရီ (၁၀) မိနစ်တွင် ရပ်နားခဲ့ပါသည်။




